ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပဲခူးတိုင်းဒေသကြီး အတွင်းရှိ လူမှုအဖွဲ့အစည်းများ ၊ ဖောင်ဒေးရှင်းများနှင့်တွေ့ဆုံ
ပဲခူးတိုင်းဒေသကြီး၊ ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက် -
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ(၂၄)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ပဲခူးမြို့၊ ညောင်လေးပင်မြို့နှင့် ကျောက်တံခါးမြို့ တို့တွင် ဒေသခံ လူမှုအဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားရာ ပြည်ထောင်စုဝန်ကြီးက “လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန အနေဖြင့် လူမှုဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေများဖြင့် ဆောင်ရွက်လျက်ရှိပြီး လိုအပ်လျက်ရှိသော ဥပဒေ၊ နည်းဥပဒေများကိုလည်း ရေးဆွဲခြင်း၊ ပြင်ဆင်ခြင်းများ ဆောင်ရွက်နေပါကြောင်း၊ မွေးကင်းစမှသည် သက်ကြီးရွယ်အိုများထိ မသန်စွမ်းသူများ ပါမကျန် ထည့်သွင်း စဉ်းစားပြီး ပြည်သူလူထုကို အကာအကွယ်ပေး နိုင်သော အုပ်ချုပ်မှု စနစ်ဖြစ်ရေးကို ဆောင်ရွက်နေ ပါကြောင်း၊ ပြည်သူများ လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ငြိမ်းချမ်းမှုက အဓိကကျသဖြင့် နိုင်ငံတော်အနေဖြင့် ဦးစားပေး ဆောင်ရွက်နေပါကြောင်း၊ လူမှုအဖွဲ့အစည်းများသည် တက်ကြွသော စေတနာစိတ် ဖြင့် မိမိတို့၏ အချိန်ကိုပေးကာ အများအကျိုးအတွက် အခမဲ့ ဆောင်ရွက်ကြသဖြင့် ချီးကျူးဂုဏ်ယူ ပါကြောင်း၊ သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် ကယ်ဆယ်ရေး လုပ်ငန်းများတွင်လည်း အစဉ်တစိုက် ပါဝင်ကြပြီး ထိထိရောက်ရောက် အကူအညီပေးနေ တာကိုလည်း သိရှိရပါ ကြောင်း၊ ထို့ကြောင့် မိမိတို့ဝန်ကြီးဌာန အနေနဲ့ ပိုမိုပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးအတွက် ယခုလို တွေ့ဆုံရခြင်းဖြစ်ပြီး အပြန်အလှန် ဆက်သွယ်၍ သတင်းအချက်အလက်များ ရယူကာ အကြံပြုချက်များ ပေးပို့ခြင်း၊ လိုအပ်ချက်များ ရှိပါက ပူးပေါင်းညှိနှိုင်း အဖြေရှာခြင်းများ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်းနှင့် အစိုးရသစ်အနေဖြင့် လူမှုအဖွဲ့ အစည်းများကို ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရန် ဆက်လက်ပူးပေါင်း ပါဝင်ဆောင်ရွက်ရန် အသင့်ဖြစ် နေကြောင်းဖြင့် ပြောကြားပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက လျှပ်စစ်မီး ရရှိရန် ခက်ခဲသည့် ကျေးရွာ များရှိ တက္ကသိုလ်ဝင်တန်း ဖြေဆိုကြမည့် ကျောင်းသား/သူများ အသုံးပြုရန်အတွက် ဆိုလာမီးအိမ် စုစုပေါင်း (၇၅ဝ)လုံးကို ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြပါသည်။
အဆိုပါ အခမ်းအနားများသို့ လွှတ်တော် အဖွဲ့အစည်း အသီးသီးက လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖောင်ဒေးရှင်းများ၊ ရပ်မိရပ်ဖများနှင့် ဒေသဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ တွေ့ဆုံပွဲ အခမ်းအနားများတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာ ချထားရေး ဝန်ကြီးဌာနမှ ဝန်ထမ်းများက သဘာဝဘေးအန္တရာယ် ဆိုင်ရာ သတင်းအချက်အလက်များ ရယူပေး ပို့နိုင်သော Kobo Collect Application နှင့် DAN Myanmar Mobile Application တို့ အသုံးပြုပုံများ ကို ရှင်းလင်း တင်ပြပြီး တက်ရောက်လာကြ သူများ၏ လက်ကိုင်ဖုန်းများသို့ Application များကို ထည့်သွင်းပေးခဲ့ကြပါသည်။
ထို့နောက် ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ အတတ်သင် သိပ္ပံကျောင်း ၌ မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်များ မိတ်သဟာယ (မခမမ)၊ ရန်ကုန် မျက်မမြင်ကျောင်း (ခဝဲခြံ)မှ အထွေထွေ အတွင်းရေး မှူး ဦးသိန်းလွင် ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံပြီး လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်း ပါဝင်လျက် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးကြပါသည်။