ASEAN Enabling Masterplan 2025: Mainstreaming the Rights of Persons with Disabilities အကောင်အထည်ဖေါ်ရေးအစည်းအဝေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်
ရန်ကုန်၊ ၂၃.၁.၂၀၁၉
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ စီးပွားရေးဗဟိုဌာန (IBC) ၌ ဇန်နဝါရီ ၂၃ မှ၂၄ အထိ ကျင်းပပြုလုပ်မည့် ASEAN Enabling Masterplan 2025: Mainstreaming the Rights of Persons with Disabilities အကောင်အထည်ဖေါ်ရေး အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့အစည်းအဝေးသည် မသန်စွမ်းသူများအတွက် အခွင့်အရေးများကို ထိရောက်စွာ ဖေါ်ဆောင်နိုင်ရေး အတွက် ကျင်းပခြင်းဖြစ် ပါကြောင်း၊ နိုင်ငံတော်က တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိရာ မသန်စွမ်းများအတွက် ဥပဒေစိုးမိုးမှုရှိရန် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ဖေါ်ဆောင်ပြီးဖြစ်ပြီး ထိရောက်စွာ အကောင်အထည်ဖေါ် ဆောင်ရွက် နိုင်ပါက လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း၊ အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်ရာတွင်လည်း မသန်စွမ်းသူ များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်မှုတို့ကို မြင်တွေ့နေရပြီး ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ရည်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတွင် နိုင်ငံသူ၊ နိုင်ငံသားအားလုံး အခွင့်အရေးများ တန်းတူညီမျှ ခံစားရရှိရန်ဖြစ်ပြီး၊ ခွင့်တူညီမျှရရှိရေးသည် ဖယ်ဒရယ်စနစ်၏ အနှစ်သာရ ဖြစ်သောကြောင့် မသန်စွမ်းများကို ခွဲခြားခြင်း၊ ချန်ရစ်ခဲ့ခြင်း မရှိအောင် အခွင့်အရေးများ ဖေါ်ဆောင်ပေးခြင်းသည် စစ်မှန်သော ဖယ်ဒရယ်စနစ် ပေါ်ပေါက်လာစေရေးအတွက် အထောက်အကူပြု ဆောင်ရွက် ပေးခြင်း ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ မူဝါဒအရ လူသားတိုင်း အခြေခံလူ့အခွင့်အရေး ရရှိရေး၊ လူ့ဂုဏ်သိက္ခာနှင့် ပြည့်စုံသော လူမှုအသိုက်အဝန်းတစ်ရပ် ပေါ်ပေါက်လာစေရေး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အစီအစဉ်များ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များတွင်လည်း မသန်စွမ်းသူများ အကျုံးဝင် ပါဝင်စေရေးတို့ကို အားလုံးအကျုံးဝင်သည့် လူမှုကာကွယ် စောင့်ရှောက်ရေး စနစ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် နိုင်ငံတကာစံနှုန်းများ လိုက်နာဆောင်ရွက်မှု၊ အာရှနှင့်ပစိဖိတ် ဒေသအတွင်း ပါဝင်ဆောင်ရွက်မှုအပြင် အာဆီယံဒေသတွင်းတွင်လည်း တက်ကြွစွာ လှုပ်ရှား ဆောင်ရွက်နေပါကြောင်း၊ ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလအတွင်း စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ် ခဲ့သည့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ (ASEAN Summit) တွင် ASEAN Enabling Masterplan 2025: Mainstreaming the Rights of Persons with Disabilities ကို အတည်ပြု ချမှတ်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်သည်နှင့် အညီ ASEAN Enabling Masterplan 2025 ကို မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေ ရှိအောင် အကောင်အထည်ဖော်နိုင်မည့် မဟာဗျူဟာစီမံကိန်း (၂၀၁၉-၂၀၂၃) တစ်ရပ်လိုအပ်သောကြောင့် ယနေ့အစည်းအဝေးကို ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ ယခု အစည်းအဝေးတွင် မြန်မာနိုင်ငံမှ လက်ရှိဆောင်ရွက် နေသည့် မူဝါဒ၊ လုပ်ငန်းစဉ်များနှင့်လည်း ဆက်စပ်ရန်လိုပါကြောင်း၊ အထူးသဖြင့် ၂၀၁၈ခုနှစ်တွင် ဗြိတိန်နိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် Global Disability Summit တွင် မြန်မာနိုင်ငံမှ ကတိပြုထားရှိခဲ့သည့် ကတိကဝတ်(၇) ချက်ကို လည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်ပါကြောင်း၊ လက်ရှိဆောင်ရွက်မှု များသည် နိုင်ငံတော်က ဦးဆောင် နေသည့်အပြင် မသန်စွမ်းသူများ၊ မသန်စွမ်းအဖွဲ့အစည်းများ ကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်နေသောကြောင့် ရေရှည်တည်မြဲပြီး အကျိုးကျေးဇူးရရှိနိုင်မည် ဖြစ်ပါကြောင်း၊ ပြီးပြည့်စုံသည့် အခြေခံလိုအပ်ချက်များကို ချမှတ်ထားရှိပြီးဖြစ်သောကြောင့် နိုင်ငံတော်အစိုးရ၏ လုပ်ငန်း ဆောင်ရွက်ချက်တို့ကို သိရှိနားလည်ပြီး ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းပြောကြား လိုပါကြောင်း ပြောကြားခဲ့ပြီး စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် UNICEF (Myanmar)၊ မြန်မာနိုင်ငံ နားမကြား သူများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တို့နှင့် တွေ့ဆုံပြီး မသန်စွမ်းသူများ၏ အခွင့်အရေးနည်းဥပဒေများ (၂၀၁၇) ကို Sign Language ဖြင့် ထုတ်ပြန်နိုင်ရေး စီမံကိန်း၊ မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်း၊ မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းတို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ Volunteer Service Organization မှ မသန်စွမ်းမှုဆိုင်ရာ နည်းပညာ အကြံပေးအဖွဲ့နှင့် တွေ့ဆုံကာ မြန်မာနိုင်ငံလုံးဆိုင်ရာ မသန်စွမ်းမှုစစ်တမ်း ကောက်ယူရေး၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများနှင့်တွေ့ဆုံပွဲ ကျင်းပနိုင်ရေးတို့ကိုလည်း ဆွေးနွေးပြီး မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိပါသည်။