ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အား ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံတွေ့ဆုံ
နေပြည်တော်၊ ၂၅-၁-၂၀၁၉
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mrs. Christine Burgener အား ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေဆုံရာတွင် မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အနေဖြင့် ငါးကြိမ်မြောက် လာရောက်သည့်အတွက် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကို ပိုမိုနားလည်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ရခိုင်ပြည်နယ် ခရီစဉ်အတွင်း NVC ကတ်များ ကိုင်ဆောင်ကြရန် အားပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြည်ထောင်စုဝန်ကြီးက နှုတ်ဆက်ပြောကြား ခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်က NVC ကတ် ကိုင်ဆောင်ရရေးမှာ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်နှင့် ၄င်းတို့၏ အနာဂတ်မျိုးဆက်များ အပေါ်တွင် အကျိုးသက်ရောက်မှု ရှိနိုင်သည်ဖြစ်၍ အားပေးခဲ့ခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် အခြေအနေများနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့်အဖွဲ့ဝင်နိုင်ငံများသို့ ပြန်လည်ရှင်းလင်းတင်ပြရမည်ဖြစ်သဖြင့် နောက်ဆုံးအခြေအနေများမေးမြန်းရာဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသော IDP စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ မဟာဗျူဟာရေးဆွဲဆောင်ရွက်နေမှုအခြေအနေ၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် သတင်းအချက်အလက်အမှန်များ ပေးအပ်နိုင်ရေးအတွက် Fact-Sheet ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်သူများ၏တိုင်ကြားစာနှင့် အသနားခံစာများ အား လေ့လာစိစစ်နိုင်ရေးအတွက် ပြည်သူ့လွှတ်တော်က ကော်မတီဖွဲ့စည်းထားရှိ မှု၊ တပ်မတော် နှင့် AA လက်နက်ကိုင်အဖွဲ့တို့ တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် နေရပ်စွန့်ခွာသူများအား လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ကြက်ခြေနီ လှုပ်ရှားမှုအနေဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း ၊ ICRC နှင့် IFRC တို့မှ ပုံမှန်လုပ်ငန်းများအပြင် လတ်တလော အခြေအနေများတွင် နေရပ်စွန့်ခွာသူများအား ၀န်ကြီးဌာန နှင့်ပူးပေါင်း၍ ထောက်ပံ့ဆောင်ရွက်ပေးနေမှုများ၊ လာမည့်ရက်သတ္တပတ်အတွင်း ရခိုင်ပြည်နယ် အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီက သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် လုပ်ငန်းစီမံကိန်းရေးဆွဲဆောင်ရွက်မည့် အခြေအနေများ၊ အာဆီယံနိုင်ငံများ ၊ AHA စင်တာနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြုပ်နှံမှု များ ပိုမိုဝင်ရောက် လာစေနိုင်ရေးကိစ္စရပ်များ၊ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေများအတွက် ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေ ပြင်ဆင်ရေးဆွဲနေပြီး မကြာမီအတည်ပြုနိုင်မည့် အခြေအနေများ၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးတို့အတွက် အမျိုးသားအဆင့် ကော်မတီ၊ လုပ်ငန်း ကော်မတီများဖြင့် ဖွဲ့စည်းဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သတင်းရရှိပါသည်။