ငွေကြေးထောက်ပံ့မှုဆိုင်ရာ အသိပညာပေးအလုပ်ရုံဆွေးနွေးပွဲနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေးသို့ ပြည်ထောင်ဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်ဆွေးနွေး
နေပြည်တော်၊ ၂၂.၁.၂၀၁၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)တို့ ပူးပေါင်းဆောင်ရွက်သည့် ငွေကြေးထောက်ပံ့မှု အသိပညာပေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနံက်ပိုင်းတွင် နေပြည်တော်၊ ရွှေစံအိမ်ဟိုတယ် ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက လူမှုစီးပွားဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သည့်နေရာတွင် လူမှုကာကွယ်စောင့်ရှောက်ရေးနည်းလမ်းဖြစ်သော လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် လူတိုင်းလွတ်လပ်လုံခြုံစွာဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိပါကြောင်း၊ အစိုရသစ်လက်ထက်မှစ၍ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် စတင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအလုပ်ရုံ ဆွေးနွေပွဲမှာ သာမန်အားဖြင့် သေးငယ်သော အလုပ်ရုံဆွေးနွေးပွဲဟု တွေးကောင်းတွေးနိုင်သော်လည်း ကောင်းမွန်သော စနစ်တခု အောင်မြင်လာစေရေး ဦးတည်သည့် ပူးပေါင်းဆောင်ရွက်မှုဖြစ်သည့်အတွက် ရည်ရွယ်ချက်မှာ အလွန်ကြီးမားပါကြောင်း၊ စနစ်တစ်ခုအောင်မြင်မှုရရန် ဆွေးနွေးပွဲများတွင် အတွေ့အကြုံများ နှီးနှောဖလှယ်ခြင်းဖြင့် ဆောင်ရွက်ရပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ရေးဆွဲပြီးဖြစ်သော လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာ (၈)ချက်မှ ထိရောက်သော ငွေကြေးထောက်ပံ့မှု ဖြစ်ပေါ်စေရန် ဆောင်ရွက်ရမည် ကဏ္ဍမှာ အရေးကြီးပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ ဝန်ထမ်းအင်အားနည်းပါးသည့် အတွက်ကြောင့် အခြေခံအင်အားဖြစ်သော ပြည်သူနှင့်အနီးစပ်ဆုံး ဆောင်ရွက်နေသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအပြင် လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ စုပေါင်းအားဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ငွေကြေးထောက်ပံ့မှုများအတွက် မှန်ကန်သော စာရင်းဇယားနှင့် ကိန်းဂဏန်းများရရှိရန်အတွက် အခက်အခဲများရှိနေပါသဖြင့် တစ်လတစ်ခါ ထောက်ပံ့ပေးရမည့် လူမှုရေးပင်စင်များကို နှစ်လတစ်ခါ ပေးအပ်နေရကြောင်း၊ ထိုကဲ့သို့ နှောင်နှေးကြန့်ကြာမှုမျိုး မဖြစ်အောင်ကြိုးစား ဆောင်ရွက်နေမည် ဖြစ်ပါကြောင်း၊ ကိုယ်ဝန်ဆောင်မိခင် များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေး ထောက်ပံ့ခြင်း အစီအစဉ်ကို ချင်းပြည်နယ်၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ကယားပြည်နယ်များတွင် ဆောင်ရွက်လျှက်ရှိပြီး ဆက်လက်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် တိုးချဲ့ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ Electronic Cash Transfer စနစ်ကို အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိသည့် အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့၏ အတွေ့အကြုံများကို နမူနာယူပြီး ဆွေးနွေးပွဲသို့တက်ရောက်လာကြသောသူများက မိမိတို့၏ အတွေ့အကြုံ များနှင့်နှိုင်းယှဉ်၍ အကြံပြုဆွေးနွေးပေးစေလိုပါကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက်ဆွေးနွေးပွဲသို့ တက်ရောက်သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြပြီး အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီ ၂၂ မှ ၂၄ ရက်နေ့ထိ ဆက်လက် ကျင်းပ သွားမည်ဖြစ်ပါသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် ရုံးအမှတ်၂၃၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်သော လူမှုကာကွယ်စောင့်ရှောက်ရေးငွေဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေးသို့တက်ရောက်ခဲ့ပါ သည်။
ပြည်ထောင်စုဝန်ကြီးက လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်အရ ဖွဲ့စည်းခဲ့သော လူမှုကာကွယ် စောင့်ရှောက်ရေး ဆိုင်ရာ လုပ်ငန်းကော်မတီ၏ ပထမအကြိမ်အစည်းအဝေးဖြစ်ပါကြောင်း၊ လူမှု ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများသည် နိုင်ငံတော်၏ ကာလရှည်မျှော်မှန်းချက်ဖြစ်သော ငြိမ်းချမ်း၍သာယာဝပြောသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးမှာ အရေးကြီးသော အစိတ်အပိုင်းဖြစ်ပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းသည် ဝန်ကြီးဌာနတစ်ခုတည်းက အကောင်အထည်ဖော် ဆောင်ရွက်လို့ရသည့် လုပ်ငန်းမျိုးမဟုတ်ဘဲ ဆက်စပ်ဝန်ကြီးဌာနများကပါ ပူးပေါင်းပါဝင် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် သဘောသဘာဝ ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါသောကြောင့် ပေါင်းစပ်ညှိနှိုင်းခြင်းသည် အလွန်အရေးကြီးသည့် အချက်တစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ကာလရှည်မျှော်မှန်းချက်ဖြစ်သော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာမှာ အထူးအရေးပါသော လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမှာ ဖြစ်ပါကြောင်း၊ ဆင်းရဲချမ်းသာ ကွာဟမှုများသော လူ့အသိုင်းအဝန်းအတွင်း သာတူညီမျှ ရှိစေရေးကို ဦးတည်ပြီး ဘဏ္ဍာငွေအရင်း အမြစ်များကို လိုအပ်သောနေရာမှာ စနစ်တကျ မျှဝေအသုံးချသောစနစ်ကိုလည်း ဖေါ်ဆောင်ခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံသူ/ နိုင်ငံသား တစ်ဦးချင်း လူမှုကာကွယ် စောင့်ရှောက်မှုရရှိစေရန် ဦးတည်ပြီး လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မိမိတို့ လုပ်ငန်းကော်မတီ အနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးဆောင်ရွက် သွားဖို့လိုပါကြောင်းပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် က လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်း ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က လူမှုကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာလုပ်ငန်းများ၊ ဆောင်ရွက်ပြီးစီးမှု အခြေအနများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြရာ တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ပြီး အစည်းအဝေးကို မွန်လွဲပိုင်းတွင် ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။