လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည် ထူထောင်ရေးဦးစီးဌာန၊ Japan Heart နှင့် International Medical Volunteers တို့ပူးပေါင်းဆောင်ရွက်သည့် မျက်မမြင်ဆေးပညာအနှိပ် စံသင်ရိုးညွှန်းတမ်း (အခြေခံအဆင့်နှင့် အဆင့်မြင့်အဆင့်) ဆွေးနွေးပ
နေပြည်တော်၊ ဖေဖော်ဝါရီလ၂၀ရက်နေ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည် ထူထောင်ရေးဦးစီးဌာန၊ Japan Heart နှင့် International Medical Volunteers တို့ ပူးပေါင်း ဆောင်ရွက်သည့် မျက်မမြင်ဆေးပညာအနှိပ်စံသင်ရိုးညွှန်းတမ်း (အခြေခံအဆင့်နှင့် အဆင့်မြင့်) ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဟိုတယ်ဇုံရှိ ဇမ္ဗူသီရိဟိုတယ်တွင် ကျင်းပခဲ့ရာ ပြန်လည်ထူထောင်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။
ထိုသို့ ပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သော ဆွေးနွေးပွဲသည် မျက်မမြင်ဆေးပညာ အနှိပ်စံသင်ရိုးညွှန်းတမ်း (အခြေခံအဆင့်နှင့် အဆင့်မြင့်အဆင့်) ပေါ်ထွက်လာစေရန် ဆွေးနွေးသည့်အခမ်းအနား ဖြစ်သည့်အတွက် နိုင်ငံတဝှမ်းလုံးနှင့်သက်ဆိုင်သော မျက်မမြင် ဆေးပညာအနှိပ် အစည်းအဝေးဖြစ်ပြီး မျက်မမြင်ဆေးပညာအနှိပ်စနစ် ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် အဓိကကျပြီး အလွန်အရေးကြီးသော အစည်းအဝေးတစ်ခု ဖြစ်ပါကြောင်း၊
၂၀၁၈ခုနှစ်၊ ဇန်နဝါရီလမှစတင်ပြီး ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် ဂျပန်နှလုံးသားအဖွဲ့တို့မှ မျက်မမြင်ဆေးပညာအနှိပ်စနစ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အစည်းအဝေး(၄)ကြိမ်နှင့် လုပ်ငန်းအဖွဲ့အစည်းအဝေး (၄) ကြိမ် တို့ကို ကျင်းပပြုလုပ်၍ မျက်မမြင်အနှိပ်အခြေအနေ မြင့်မားလာစေရေးကို ဦးတည်ဆောင်ရွက်ခဲ့ကြပါကြောင်း၊
မျက်မမြင်ဆေးပညာအနှိပ်စနစ် ဖွံ့ဖြိုးရေးစီမံကိန်းသည် အမြင်အာရုံချို့တဲ့သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုမြင့်မားလာစေရေးကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် စီမံကိန်းတစ်ရပ်ဖြစ်ပါကြာင်း၊ စီမံကိန်းမှ အချက်(၃)ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ ပထမဦးစွာ အဆင့်မှီအရည်အသွေး ပြည့်ဝသော အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုအဖြစ် သေချာစေရန် နိုင်ငံတော်တစ်ဝှမ်း အသုံးပြုသည့် စံသင်ရိုးညွန်းတမ်းပေါ်ပေါက်လာစေရေး၊ ဒုတိယအနေဖြင့် မျက်မမြင်အနှိပ် ပညာရှင်များတွင် ရှိသင့်သည့် အခြေခံအရည်အချင်းများ ပြည့်ဝစေရေးနှင့် မလိုလားအပ်သော မတော်တဆမှုများမှ ကာကွယ်နိုင်ရေးကို ဦးတည်လျက် အရည်အချင်းစစ် စာမေးပွဲစစ်ဆေးခြင်း နှင့် အသိအမှတ်ပြုလက်မှတ်ပေးအပ်ခြင်း၊ တတိယအနေနှင့်ဆေးပညာ အနှိပ်နယ်ပယ်တွင် မျက်မမြင်များ၏ အလုပ်အကိုင်အခွင့်အလမ်း ဦးစားပေးနိုင်ရေးကို အကာအကွယ်ပေးမည့် စည်းမျဉ်းများ ပေါ်ထွက်လာရေးတို့ဖြစ်ပါကြောင်း၊
ယနေ့ အစည်းအဝေးတွင် နိုင်ငံတစ်ဝှမ်းအသုံးပြုမည့် စံသင်ရိုးညွန်းတမ်းကို အဓိကထား ဆွေးနွေးသွားရန် လိုအပ်ပါကြောင်း၊ သင်ရိုးညွန်းတမ်းကို အတည်ပြုရာတွင် အရေးကြီးသည့် အချက်မှာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ အနှိပ်သင်တန်းကျောင်းများမှ အမှန်တစ်ကယ် လက်တွေ့ သင်ကြားနိုင်မှုရှိ/မရှိ စစ်ဆေးရန် ဖြစ်ပါကြောင်း၊ ထိုအချက်ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ သင်တန်းကျောင်းများမှ သင်တန်းနည်းပြများကို ဖိတ်ကြားထားခြင်းဖြစ်ပြီး ကျောင်းတိုင်းမှ မိမိတို့၏ လက်ရှိအခြေအနေအရ မည်သည့်ဘာသာရပ်များ သင်ကြားနိုင်မှုရှိ/မရှိ ဝိုင်းဝန်းတင်ပြ ကြမယ်လို့ ယုံကြည်ပါကြောင်း၊
ဆက်လက်ပြီး အားလုံးမှဆေးပညာရှုထောင့်မှ သုံးသပ်၍ မည်သည့် ဘာသာရပ်များကို ထည့်သွင်းသင့်သည်၊ မည်သည့်ဘာသာရပ်များကို ပယ်သင့်သည်တို့ကိုလည်း ဝိုင်းဝန်းဆွေးနွေး ကြခြင်းဖြင့်၊ ဒီနေ့ဆွေးနွေးပွဲမှ ကောင်းမွန်သောရလဒ်တစ်ခုဖြစ်သည့် မြန်မာနိုင်ငံအတွက် အသင့်လျော်ဆုံးဖြစ်သော မျက်မမြင်ဆေးပညာ အနှိပ်သင်ရိုးညွန်းတမ်းတစ်ခု ထွက်ပေါ်လာမည် ဟု ယုံကြည်မျှော်လင့်ပါကြောင်း၊ စံသင်ရိုးညွှန်းတမ်းများ ဖြစ်မြောက်ရန် ပြန်လည်ထူထောင်ရေး ဦးစီးဌာန က ဆက်လက်ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်၊ မျက်မမြင်သင်တန်း ကျောင်းများနှင့်မျက်မမြင်ဆက်စပ်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ မျက်မမြင် အနှိပ်ပညာရှင် များ တက်ရောက်ဆွေးနွေးခဲ့ကြပါပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့်တကွတာဝန်ရှိသူများ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မျက်မမြင်ကျောင်းများမှ ကျောင်းအုပ်များ၊ Japan Heart အဖွဲ့မှ Managing Director ဖြစ်သူ Mr. YutaMomoseနှင့် တာဝန်ရှိသူများ၊ မျက်မမြင်ကျောင်းများမှ အနှိပ်ပညာရှင်များနှင့် တာဝန်ရှိသူများ၊ အခြားဖိတ်ကြားထားသူများစုစုပေါင်းအင်အား (၄၅) ဦးခန့်တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။