အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးကော်မတီ (Committee on the Elimination of Discrimination against Women – CEDAW) ၏ (၇၂) ကြိမ်မြောက် လုပ်ငန်းအဖွဲ့ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်


    ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ပြုလုပ်သည့် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးကော်မတီ (Committee on the Elimination of Discrimination against Women – CEDAW) ၏ (၇၂) ကြိမ်မြောက် လုပ်ငန်းအဖွဲ့အစည်းအဝေးကာလအတွင်း ကော်မတီ၏မေတ္တာရပ်ခံချက် ဖြင့် မြန်မာနိုင်ငံမှ တင်သွင်းသည့် သီးခြားအစီရင်ခံစာ နှင့်ပတ်သက်၍ မြန်မာနိုင်ငံနှင့် ကော်မတီအကြား ဆွေးနွေးပွဲတစ်ရပ်ကို ၂၂-၂-၂၀၁၉ ရက်တွင် ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံတော်သမ္မတရုံး၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီး ဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး တို့မှ ကိုယ်စားလှယ်များနှင့် ဂျီနီဗာအခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကား ပြောကြားခဲ့ရာ၊ အမျိုးသမီးများအရေးကို လက်တွေ့ဆောင်ရွက်လျက်ရှိသော ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ဤအဖွဲ့ကို ဦးဆောင်လာရောက်ခြင်းသည် မြန်မာနိုင်ငံအနေဖြင့် CEDAW ကော်မတီ၏ လုပ်ငန်းများကို အလေးထား ပူးပေါင်းဆောင်ရွက်မှုကို ပြသခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် CEDAW ကော်မတီ၏ တာဝန်သိ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် သီးခြားအစီရင်ခံစာကိုတင်သွင်းခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် ကဏ္ဍပေါင်းစုံ တွင် ကျား/မခွဲခြားမှုမရှိဘဲ အမျိုးသမီးများအား တန်းတူအခွင့်အရေး ပေးအပ်ထားသောနိုင်ငံ ဖြစ်ကြောင်း၊
ယခုအခါ မြန်မာနိုင်ငံသည် အကောင်းဆုံးအချိန်တစ်ခုကို ရောက်ရှိနေသကဲ့သို့ ဖြေရှင်းရမည့်  ပြဿနာများစွာကို ရင်ဆိုင်နေရသော အချိန်လည်းဖြစ်ကြောင်း၊  မြန်မာနိုင်ငံသည် ရာစုနှစ်ထက်ဝက်ကျော် အုပ်ချုပ်မှုစနစ်ဟောင်းမှ ဒီမိုကရေစီနိုင်ငံတစ်ခု ထူထောင်ရန် လျှောက်လမ်းနိုင်မည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိနေခြင်းသည် အကောင်းဆုံးအချိန်ဖြစ်ကြောင်း၊ သို့သော်လည်း စနစ်ဟောင်း၏အမွေများဖြစ်သော ပြည်တွင်းပဋိပက္ခများ၊ အမြစ်တွယ်နေသော ခေတ်နောက်ပြန်ဆွဲမှုများ၊ လူသားအရင်းအမြစ် လိုအပ်ချက် များ၊ စနစ်တကျဖွဲ့စည်းမှုအားနည်းချက်များ စသည်တို့ကို ဖြေရှင်းရန် ရင်ဆိုင်နေရသည့်အချိန်တွင် ပြည်သူများ၏ မြင့်မားသောမျှော်လင့်ချက်များနှင့် နိုင်ငံတကာအသိုက်အဝန်း၏ လက်ရှိတုံ့ပြန်မှုများသည် ပိုမိုကြီးမားခက်ခဲသောစိန်ခေါ်မှုများ ဖြစ်လာကြောင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသော အရေးကိစ္စများသည် လက်ရှိဆောင်ရွက်ချက်များကို ပိုမိုခက်ခဲစေကြောင်း၊ ဤသို့သော စိန်ခေါ်မှုများကို ရင်ဆိုင်နေရသော်လည်း အစိုးရအနေဖြင့် ဒီမိုကရေစီအမြစ်တွယ်ခိုင်မြဲအောင် ကြိုးပမ်းလျက်ရှိကြောင်း၊ ထို့အတွက် အချိန်ယူရန်လိုအပ်ကြောင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ် များ၏ အခွင့်အရေးနှင့်ပတ်သက်၍လည်း နိုင်ငံတကာအသိုက်အဝန်းက အာရုံစိုက်မှုများရှိလာကြောင်း၊ မြန်မာအစိုးရအနေဖြင့် အမျိုးသမီးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်ရေးကို အရေးကြီးသော ကဏ္ဍတစ်ရပ်အဖြစ် မှတ်ယူ၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို ပြန်လည်ပြင်ဆင်ဖွဲ့စည်း ခဲ့ကြောင်း၊ ကျားမတန်းတူညီမျှရှိရေးနှင့် အမျိုးသမီးများစွမ်းပကားမြင့်မားရေး ကိစ္စရပ်များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိသော ပြည်တွင်းအစိုးရမဟုတ်သောအဖွဲ့အစည်းနှင့် အရပ်ဘက် လူမှုရေးအဖွဲ့အစည်း (၇) ဖွဲ့ ပါဝင်ဖွဲ့စည်းထားပြီး အမျိုးသားအဆင့်ယန္တရားဖြင့် ဆောင်ရွက်လျက် ရှိကြောင်း၊ အမျိုးသမီးများအား တရားဥပဒေပိုင်းဆိုင်ရာ အကာအကွယ်ပေးနိုင်ရေး ခိုင်မာအားကောင်းစေ ရန်အတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေမူကြမ်းကို ရေးဆွဲပြီးဖြစ် ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအတွင်း လိင်အကြမ်းဖက်မှုဆိုင်ရာ ပဋိပက္ခများကို တားဆီးနိုင်ရေးနှင့် တုံ့ပြန်နိုင်ရေးအတွက် ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ (၇)ရက်နေ့တွင် ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံအစိုးရ အနေဖြင့် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီကို ကာကွယ်ရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များနှင့် အတူ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ (၇) ရက်တွင် ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ရှိ အမျိုးသမီးများ နှင့် ကလေးသူငယ်များ၏ လူမှု-စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထူးအစီအစဉ်များဖြင့် ကြိုးပမ်း ဆောင်ရွက်ပေးနေပါကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များအား အကောင်အထည်ဖော်ရာတွင်  လူမှုပေါင်းစည်းရေးကို အဓိကကဏ္ဍတစ်ရပ်အနေဖြင့် ဦးစားပေး ဆောင်ရွက် လျက်ရှိပါကြောင်း၊ အာဆာအကြမ်းဖက်အဖွဲ့မှ တိုက်ခိုက်မှုများပြုလုပ်ပြီးနောက် ဖြစ်ပွားလာသည့် လူ့အခွင့် အရေး ချိုးဖောက်မှုစွပ်စွဲချက်များနှင့် ယင်းနှင့်ဆက်စပ်သောကိစ္စရပ်များကို စုံစမ်းစစ်ဆေးရန်၊ တာဝန်ရှိမှု ကို စုံစမ်းဖော်ထုတ်ရန်နှင့်  ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ရရှိစေရန် ဆောင်ရွက်ရ မည့် လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် စပ်လျဉ်း၍ အကြံပြုချက်များပေးရန် ရည်ရွယ်၍ လွတ်လပ်သောစုံစမ်း စစ်ဆေးရေးကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းထူထောင်ခဲ့ပြီး အဆိုပါကော်မရှင်မှ ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာစွပ်စွဲချက်များနှင့် စပ်လျဉ်းသည့် သက်သေနှင့် အထောက်အထားများကို လက်ခံစုဆောင်းလျက်ရှိပြီး ခိုင်လုံသော အထောက်အထားများ ရရှိပါက တရားစွဲဆို အပြစ်ပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာအစိုးရအနေဖြင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို ဖော်ဆောင် ရာတွင် ပြည်ထောင်စုသဘောတူစာချုပ်ပါ သဘောတူညီချက်နှင့်အညီ လူမျိုး၊ ဘာသာ၊ ကျား/မ၊ မသန်စွမ်း သူ ဟူ၍ ခွဲခြားမှုမရှိဘဲ လူသားအားလုံး၏ အခွင့်အရေးကို လေးစားလိုက်နာသွားမည်ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံအနေဖြင့် ယခုရင်ဆိုင်နေရသော  အခက်အခဲများကို ကျော်လွှားပြီး  ဒီမိုကရေစီအသွင်ကူးပြောင်းမှု  အောင်မြင်ရန်  ကြိုးပမ်းနေချိန်တွင် နိုင်ငံတကာအသိုက်အဝန်းများအနေဖြင့် နိုင်ငံတကာစံနှုန်းများနှင့်အညီ သာမက ပြည်တွင်းရှိလက်တွေ့ကျသောအခြေအနေများနှင့်အပ်စပ်သော အပြုသဘောဆောင်သည့် ပူးပေါင်း ထောက်ပံ့မှုများ ပြုလုပ်ကြပါရန် ပြောကြားခဲ့ပါသည်။
ထို့နောက် CEDAW ကော်မတီမှ သီးခြားအစီရင်ခံစာတွင် အဆိုပြုထားသည့် မေးခွန်းများနှင့် စပ်လျဉ်း၍ ဆက်စပ်မေးခွန်းများကို ဂျီနီဗာမြို့ရှိ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံးမှ အမြဲတမ်း ကိုယ်စားလှယ်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များက ပြန်လည်ဖြေကြားခဲ့ပြီး မြန်မာ နိုင်ငံအစိုးရ၏ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအပေါ် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြ ကာ ကိုယ်စားလှယ်အဖွဲ့၏ နိဂုံးချုပ်အမှာစကားတွင် ယနေ့ကျင်းပသည့် ဆွေးနွေးမှုသည် အပြုသဘော ဆောင်ပြီး၊ မြန်မာနိုင်ငံနှင့် CEDAW ကော်မတီအကြား ပူးပေါင်းဆောင်ရွက်မှုသမိုင်းတွင် အရေးပါသော နေ့တစ်နေ့ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပကတိအခြေအနေနှင့် ကော်မတီ၏ သဘောထားအယူအဆများ အကြား ကွာခြားချက်များ ရှိနေသည်ကို တွေ့ရှိရကြောင်း၊ ကော်မတီအဖွဲ့ဝင်အချို့က မေးမြန်းသည့် မေးခွန်း အချို့သည် အထောက်အထား မခိုင်လုံသော စွပ်စွဲချက်များ၊ ချဲ့ကားပြောဆိုမှုများအပေါ် အခြေခံထားသည် ကို တွေ့ရှိရပါကြောင်း၊ ယင်းသို့သော မေးခွန်းများကို လက်ခံနိုင်ခြင်း မရှိသည့်အတွက် ဝမ်းနည်းပါကြောင်း၊ မြန်မာအစိုးရအနေဖြင့် ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ ရေရှည်ဖွံ့ဖြိုး တိုးတက်မှုနှင့် လူမှုသဟဇာတဖြစ်ရေးတို့ကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။  

 

FacebookTwitter