ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ဆွာရေဘေးသင့်ပြည်သူများကို ပြန်လည်နေရာ ချထားပြီးစီးမှုနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများဆောင်ရွက်

နေပြည်တော်၊ မတ်လ ၃
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းက ရေတာရှည်မြို့နယ်၊ ဆွာချောင်း ရေလှောင်တမံကျိုးပေါက်ခဲ့မှုကြောင့် နေအိမ်များ မျောပါ ပျက်စီးခဲ့သည့် မိသားစုဝင်များကို အိမ်များ ဆောက်လုပ်နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ မသန်စွမ်းသူများ၊ မိခင်ဝိုင်းများ၊ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများနှင့် အဝေးသင် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးက ၂၀၁၈ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့တွင် ဆွာချောင်းရေ လှောင်တမံ ဘဲနှုတ်သီးကျိုးပျက်မှုကြောင့် ရုတ်တရက် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး နေအိမ်များ မျောပါ ပျက်စီးခဲ့ရကြောင်း၊ ယခုအခါ မိသားစုဝင်အချို့ ပြန်လည်အခြေချနိုင်သည့် အခြေအနေ ဖြစ်အောင် နိုင်ငံတော်အစိုးရ၏ပံ့ပိုးမှု၊ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းချုပ်၏ ပူးပေါင်းကူညီမှုဖြင့် နေအိမ် (၁၂၆)လုံး ဆောက်လုပ်ပြီးစီးပြီးဖြစ်၍ မိသားစုများ နေထိုင်လျက်ရှိသည်ကို တွေ့မြင်ရသဖြင့် ဝမ်းသာရပါကြောင်း၊ အစိုးရ၏ တာဝန်ခံ၊ တာဝန်ယူမှု  ပြည်သူတို့၏ အပြန်အလှန် ယုံကြည်ပူးပေါင်းဆောင်ရွက်မှု၏ စံနမူနာပြတစ်ခု ပေါ်ထွန်း လာခြင်းပင်ဖြစ်ပါကြောင်း၊ ရုတ်တရက်ရေကြီးရေလျှံမှု စတင်ဖြစ်ပွားစဉ်ကပင် အစိုးရအနေဖြင့် အလျင်အမြန်တုံ့ပြန်ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြန်လည်ထူထောင်ရေးကိုလည်း အချိန် မဆိုင်းဘဲ တိုင်းဒေသကြီးအစိုးရ၊ ဆက်စပ်ဝန်ကြီးဌာန ဌာနဆိုင်ရာများ၊ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများနှင့် လိုအပ်ချက်များကိုစိစစ်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနနှင့် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေတို့ကို မတည်ပြီး ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးတွင် ပြည်သူများအတွက်  အသက်မွေးဝမ်းကျောင်းလုပ်ငန်းဆိုင်ရာ ပံ့ပိုးမှုများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပံ့ပိုးမှုလိုအပ်ချက်များကို တစ်ပြိုင်တည်း ဖြည့်ဆည်း ပေးလျက်ရှိကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်လည်း ဘေးအန္တရာယ်ကျရောက် ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပြည်သူများတန်းတူညီမျှခံစား ရရှိနိုင်ရေးကြိုးပမ်းလျက်ရှိကြောင်း၊ အစိုးရအနေဖြင့် ပြည်သူ့ဘဏ္ဍာငွေများကို အလေအလွင့်မရှိ ပြည်သူများ ခံစားရရှိနိုင်ရေး အဂတိတရား ကင်းရှင်းစွာ တာဝန်ယူဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ပြည်သူများကလည်း အစိုးရ၏ ဆောင်ရွက်ချက်များကို ဝေဖန်ထောက်ပြ အကြံပြုမှုနှင့်အတူ ပူးပေါင်းဝန်းရံပါဝင် ဆောင်ရွက်ကြ ရန်လိုအပ်ကြောင်း၊ အစိုးရ၊ ဌာနဆိုင်ရာဝန်ထမ်းများသည် တာဝန်ယူဆောင်ရွက်ရသော လုပ်ငန်းတိုင်းတွင် ရင်ဆိုင်ရမည့် မည့်သည့် အခက်အခဲကိုမဆို ပြည်သူများ၏ ပူးပေါင်းပါဝင်မှု စုပေါင်းအားဖြင့် ကျော်လွှားနိုင်မည် ဖြစ်ကြောင်း၊ ယနေ့အခမ်းအနားတွင်  မိမိတို့ ဝန်ကြီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း များဖြစ်သော မိခင်ဝိုင်းများ၊ ကျောင်းနေအရွယ် ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ခြင်း၊ မသန်စွမ်းသူ ထောက်ပံ့ခြင်းများကိုလည်း ပေးအပ်သွားမည်ဖြစ်ကြောင်းပြောကြားပြီး မသန်စွမ်း (၂၁)ဦးအတွက် ထောက်ပံ့ငွေ (၆၃၀၀၀၀)ကျပ်၊ မိခင်ဝိုင်း (၅)ဝိုင်း ဖွင့်လှစ်ရန် အတွက် ထောက်ပံ့ငွေ (၂၅၈၅၀၀၀) ကျပ်၊ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ များနှင့် အဝေးသင်တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၂) ဦးအတွက် ထောက်ပံ့ငွေ (၆၆၀၀၀၀)ကျပ်တို့ကို ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူ များက လက်ခံရယူ ကြပါသည်။
    ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော ကလေးငယ်များအတွက် ကစားစရာ အရုပ်များနှင့် အာဟာရမုန့်များဝေငှခြင်း၊ ငယ်စဉ်ဘဝမှ အမှိုက်များကို အမှိုက်ပုံး အတွင်းသို့ စနစ်တကျ စွန့်ပစ်တတ်စေရန် လက်တွေ့ သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌဦးကြည်ဇင်က ထောက်ပံ့မှုများအတွက် ကျေးဇူးတင် စကားကို ပြန်လည်ပြောကြားခဲ့ပါသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုင်ငံတော်အစိုးရ၏ ဦးဆောင် ထောက်ပံ့မှု၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်က ပူးပေါင်း လှူဒါန်းဆောက်လုပ်သည့် အိမ်ခြေ (၁၆၂)လုံးအနက်၊ ဆောက်လုပ်ပြီးစီးသည့် (၁၂၆)လုံးကို လိုက်လံကြည့်ရှုခြင်း၊ ကျွန်းတောစုကျေးရွာတွင် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင် များ အသင်းချုပ်က ဆက်လက်ဆောက်လုပ်လျက်ရှိသည့် နေအိမ်များ၊ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းက ဆောက်လုပ်လှူဒါန်းသည့် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) ကို ကြည့်ရှုလေ့လာပြီး မိုးရာသီအမီဆောင်ရွက်ရမည့် လုပ်ငန်းလိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ ပါသည်။
    ဆွာချောင်းရေလှောင်တမံကျိုးပေါက်မှုကြောင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနက ထောက်ပံ့ပေးခဲ့သော တန်ဖိုးငွေစုစုပေါင်းမှာ ကျပ်သန်း (၃၇၈.၃၁၁၀၅၀) ဖြစ်ပြီး ခရီးစဉ်တွင် ဒုတိယဝန်ကြီးဦးစိုးအောင်၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဌ ဦးကြည်ဇင်၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌဦးရှိန်ဝင်း၊ လွှတ်တော်ကိုယ်စားလှယ် များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

FacebookTwitter