သောက်သုံးရေ အလွန်လိုအပ်လျက်ရှိသည့် ကျေးရွာများသို့ စက်ရေတွင်းနှင်‌့ ရေသန့်စင်စက် ထောက်ပံ့ပေးအပ်

နေပြည်တော်၊ ဧပြီလ ၁၁ -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ၁၁.၄.၂၀၁၆ ရက်နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ဖြူးမြို့ ဘိုးဘွား ရိပ်သာသို့ရောက်ရှိပြီး နှစ်သစ်ကူးကုသိုလ်အဖြစ် ဘိုးဘွား(၃၅)ဦးတို့အား အဝတ်အထည် အသုံးအဆောင်နှင်‌့ ငွေများ လှူဒါန်းပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ပါသည်။

      ထို့နောက် အယ်လ်နီညိုကြောင့် သောက်သုံးရေ အထူးလိုအပ်လျက်ရှိသည့် ကျောက်တံခါးမြို့နယ်ရှိ ကျေးရွာများသို့ သွားရောက်လေ့လာပြီး ဆားပြင်ကျေးရွာတွင် စက်ရေတွင်းတစ်ခု တူးဖော်ခြင်း၊ ငွေကျပ်(၂၂)သိန်း တန်ဖိုးရှိ ရေသန့်စင်စက်(၁)လုံးအား ထောက်ပံ့ပေးအပ်ခြင်း၊ ရေသန့်စင်စက်အား လက်တွေ့သရုပ်ပြခြင်း စသည့်အစီအစဉ်ကို ဝန်ကြီးဌာန၏ တာဝန်ရှိသူများနှင့်အတူ ဆောင်ရွက်ပေးခဲ့ပါသည်။

      ထို့နောက် ဒေသခံ ပြည်သူများနှင်‌့ ရင်းရင်းနှီးနှီး တွေ့ဆုံပြီး ရေကိုချွေတာသုံးစွဲရေး ဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ဘိုကုန်းကျေးရွာသို့ သွားရောက်ကာ အလှူရှင်များမှ လှူဒါန်းထားရှိသည့် စက်ရေတွင်းနှင်‌့ အုတ်ရေကန်တို့အား ကြည့်ရှုပါသည်။

      ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် ကျောက်တံခါးမြို့ပေါ်၌ မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများမှ ပြည်သူများနှင်‌့ ရင်းရင်းနှီးနှီးတွေ့ဆုံပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ လုပ်ငန်းများနှင်‌့စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ပြောကြားပြီး ကျောက်တံခါးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံကာ အပြန်အလှန် စောင့်ကြည့်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။

      ဆက်လက်၍ ညောင်လေးပင်မြို့နှင်‌့ ပြွန်တန်ဆာမြို့များသို့ သွားရောက်၍ ညောင်လေးပင်ဘိုးဘွားရိပ်သာရှိ ဘိုးဘွား(၂၇)ဦးတို့အားလည်းကောင်း၊ ပြွန်တန်ဆာဘိုးဘွားရိပ်သာရှိ ဘိုးဘွား(၁၈)ဦးတို့အားလည်းကောင်း နှစ်သစ်ကူးကုသိုလ်အဖြစ် အဝတ်အထည်၊ အသုံးအဆောင်နှင့် ငွေများလှူဒါန်းပေးအပ်ခဲ့ပြီး ဘိုးဘွားရိပ်သာများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ဘိုးဘွားများ၏ စိတ်ပိုင်းဆိုင်ရာ ကျေနပ်ပျော်ရွှင်မှုရရှိအောင် ဆောင်ရွက်ပေးနိုင်ရေး ကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter