ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် လိုအပ် သော လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ ကူညီဖြည့်ဆည်းပေးရန် ဒေသခံ ပြည်သူများနှင့်တွေ့ဆုံ

ရှမ်းပြည်နယ်၊ ပင်းတယ၊ ၉-၆-၂၀၁၇

            ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများတွင် ဒေသခံပြည်သူတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် ပြည်နယ်ဝန်ကြီး ဒေါက်တာအောင်သန်းမောင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၇ခုနှစ်၊ ဇွန်လ(၉)ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့သို့ရောက်ရှိကြ ပါသည်။

         ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၏ အစည်းအဝေးခန်းမ၌ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၏ ဥက္ကဌဖြစ်သူ ဦးအာကာလင်းနှင့် အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံအမှာစကားပြော ကြားရာတွင် အစိုးရသစ်အနေဖြင့် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်း များကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူ၏လိုအပ်ချက်ကိုသိမြင်စေဖို့ ပြည်သူနှင့်နီးစပ်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးနေပါကြောင်း၊ လူတိုင်းတန်းတူအခွင့်အရေးရရှိပြီး လွတ်လပ်လုံခြုံစွာဖွံ့ဖြိုး တိုးတက်ရေးအတွက် ဦးတည်သော ကိုယ်ဝန်ဆောင်မှသည် သက်ကြီးရွယ်အိုအထိ အာမ ခံချက်ရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေးနည်းလမ်းများဖြင့် အကောင်အထည်ဖေါ် ဆောင်ရွက်နေပါကြောင်း၊ ဘေးအန္တရာယ်များနှင့်ပတ်သက်၍ ကြံ့ကြံ့ခံ ရင်ဆိုင်တုံ့ ပြန်နိုင် စွမ်းရှိသော လူ့အသိုက်အဝန်းဖြစ်စေရန် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် တက် ရောက်လာကြသူများအနေဖြင့် မိမိတို့ဒေသ၏ လိုအပ်ချက်များကို ဆွေးနွေးတင်ပြ ပေးကြပါရန် ပြောကြားခဲ့ပါသည်။ တက်ရောက်လာကြသူများကလည်းဒေသတွင်း လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုဆောင်ရွက်ရာတွင်ကြုံတွေ့ရသောအခက်အခဲများ၊နွေရာသီရေရှားပါးမှုအခြေအနေ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူငယ်များ၏အခန်းကဏ္ဍ၊ ဒေသ လိုအပ်ချက်များကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြည့်ဆည်းပေးခဲ့ကြပါသည်။

            ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဓနုမြေဘိုးဘွားရိပ်သာ သို့သွား ရောက်ကြည့်ရှုလေ့လာပြီး ဘိုးဘွားများကို ရင်းရင်းနှီးနှီးအားပေးစကားပြောကြားကာ အလှူငွေများကိုလည်းထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ခရီးစဉ်အတွင်း ဒေသခံမသန်စွမ်း (၃)ဦးကလျှောက်ထားသော လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန် ကြီးဌာနတွင် တာဝန်ထမ်းဆောင်ရန်အတွက် အလုပ်ခန့်အပ်လွှာများကိုပေးအပ်ခြင်း၊ ရွှေဥမင်လိုဏ်ဂူဘုရားအား ဖူးမျှော်ကြည်ညှိကာအလှူငွေများပေးအပ် လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter