ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများပူးပေါင်း ဆောင်ရွက်ရန် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ရောက်ရှိ

ရှမ်းပြည်နယ်၊ ဟိုပုံး၊ ၁၀-၆-၂၀၁၇ 

        ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ၊ ဒုတိယ အစည်းအဝေးအပြီး ထုတ်ပြန်ခဲ့သော ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁)တွင် သဘောတူ လက်မှတ်ရေးထိုးပြီးသော လူမှုရေးကဏ္ဍမူဝါဒ သဘောတူညီချက်များကို အကောင်အထည်ဖေါ် ဆောင်ရွက်ရန်နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရန်အတွက် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသသို့ လာရောက်ခြင်း ဖြစ်ပါကြောင်းဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့ရှိ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အစည်း အဝေးခန်းမ၌ ယနေ့ကျင်းပသော ပြည်သူလူထုနှင့် တွေ့ဆုံပွဲအခမ်းအနားတွင် ပြောကြားခဲ့ ပါသည်။

        ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် အစိုးရသစ်အနေဖြင့် ပြည်သူအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေမည့် လူမှုကာကွယ်စောင့်ရှောက်ရေး နည်းလမ်းများကို ချမှတ်ပြီး အကောင်အထည်ဖေါ် ဆောင်ရွက်နေပါကြောင်း၊ လုပ်ငန်းများ သည် မိမိတို့ဝန်ကြီးဌာန တစ်ခုတည်းဖြင့် ဆောင်ရွက်ရန် မလုံလောက်သောကြောင့် အခြားဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုအခါ လုပ်ငန်းခွင်နှင့် အံဝင်ခွင်ကျဖြစ်မည့် အသက် မွေးဝမ်းကျောင်းပညာရပ်များကို လေ့ကျင့်သင်ကြားပေးပြီး အလုပ်အကိုင်အခွင့်အလန်းများဖန်တီးပေးလျက်ရှိပါကြောင်း၊ ယနေ့တက်ရောက်လာကြသော ပြည်သူများအနေဖြင့် မိမိတို့ဒေသေ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့ ရသော အခက်အခဲများရှိပါကလည်း တင်ပြဆွေးနွေးနိုင်ပြီး မိမိတို့အနေဖြင့် ပူးပေါင်းကူညီ ဖြေရှင်းပေးရန် အသင့်ရှိပါကြောင်း ပြောကြားပါသည်။

        ထို့နောက် တက်ရောက်လာကြသည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၏ ဥက္ကဌဖြစ်သူ ဦးခွန်စံလွင်နှင့်ပြည်သူများက ဒေသ၏လိုအပ်ချက်များဖြစ်သော အသက် မွေးဝမ်းကျောင်းသင်တန်းတန်းကျောင်းများဖွင့်လှစ်ရေး၊လက်ရှိပညာရေးနှင့် သက်ဆိုင် သည့်လိုအပ်မှုများ၊ ရေရှားပါးမှုနှင့် ရေလှောင်ကန်များတည်ဆောက်လိုမှု၊ မိတ်ဖက်လူမှု အဖွဲ့အစည်းများ၏ ရုံးအဆောက်အဦများလိုအပ်မှုအခြေအနေများ၊ လူနာတင်ယာဉ်နှင့် ရေသယ်ယာဉ်များလိုအပ်မှုများကို အသီးသီးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးညှိနှိုင်းဖြေရှင်းပေးကြပြီး ဟိုပုံး ဆီဆိုင်နှင့်ပင်လောင်း မြို့နယ်ရှိစာသင်ကျောင်းများတွင်လတ်တလော လိုအပ်ချက်ဖြစ်ပေါ်နေသည့် စာသင်ခုံ (၅၇၅)စုံအတွက်ထောက်ပံ့ငွေကျပ် (၁၁၅၅၀၀၀၀) ကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

        ၂၀၁၇ခုနှစ်၊ဇွန်လ(၉)ရက်နေ့ ညနေပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်တို့တွေ့ဆုံပြီး ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေး နှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှု၊ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုနှင့်ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ ရင်းနှီးစွာဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၏ဥက္ကဌဖြစ်သူ ဦးထွန်းကျော်နှင့် တာဝန်ရှိသူများကလည်း ဒေသ၏ဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများဆောင်ရွက် ပေးနိုင်မှုအခြေအနေ၊ ကျောင်းနေအရွယ်ကလေးငယ်များနှင့် တိုက်ပွဲရှောင် ပြည်သူများ၏ လတ်တလောလိုအပ်ချက်များနှင့် ဘေးအန္တရာယ်များအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို တင်ပြဆွေးနွေးပြီး ပြည်ထောင်စု ဝန်ကြီးက ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လူသားအရင်းအမြစ်ပရဟိတဂေဟာမှ ကျောင်းသား၊ကျောင်းသူများအတွက် ထောက်ပံ့ငွေနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက် လတ်တလော ရိက္ခာဖိုးငွေစုစုပေါင်းကျပ်(၇၇)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

 

FacebookTwitter