ချင်းပြည်နယ် ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးများအား ငွေကြေးထောက်ပံ့ပေးရေး အစီအစဉ် ပထမအကြိမ် ပြည်နယ်အစီအစဉ် ပေါင်းစပ်ညှိုနှိုင်းရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး

ချင်းပြည်နယ်၊ ၉-၆-၂၀၁၇
       ချင်းပြည်နယ်၊ ဟားခါးမြို့၌ လူမှုဝန်ထမ်းဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ (နေပြည်တော်) ဦးဆောင်မှုဖြင့် ချင်းပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးများအား ငွေကြေးထောက်ပံ့ပေးရေး အစီအစဉ် ပထမအကြိမ် ပြည်နယ်အစီအစဉ် ပေါင်းစပ်ညှိုနှိုင်းရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၉.၆.၂၀၁၇) ရက်နေ့၊ နံနက် (၀၉း၀၀)နာရီအချိန်တွင် ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး၊ ပြည်နယ်အစည်းအဝေးခန်းမတွင် ကျင်းပရာ ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးဇိုဘွဲ့အပါအဝင်၊ လွှတ်တော် ဒု-ဥက္ကဌ၊ ပြည်နယ် လူမှုရေးရာဝန်ကြီး၊ ပြည်နယ် ဘဏ္ဍာရေးနှင့် စီမံကိန်း ဝန်ကြီး၊ ပြည်နယ် စီမံကိန်းရေးဆွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူး၊ ချင်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်လွှတ်တော် ညွှန်ကြားရေးမှူး၊ ချင်းပြည်နယ် မြို့နယ်အသီးသီးမှ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှ ကိုယ်စားလှယ်၊ UNICEF မှ ပြည်နယ် တာဝန်ခံနှင့် ပြည်နယ်ပေါင်းစပ်ညှိုနှိုင်းရေးမှူး (ချင်းပြည်နယ်) တို့ တက်ရောက်ခဲ့ကြပါသည်။ 
    အဆိုပါ အခမ်းအနားတွင် ချင်းပြည်နယ် လူမှုရေးရာဝန်ကြီး ဦးပေါင်လွန်းမင့်ထန်မှ ဥက္ကဌအဖြစ် ဆောင်ရွက်ပြီး အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန (နေပြည်တော်) မှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဒေါ်စန်းစန်းအေးမှ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးများအား ငွေကြေးထောက်ပံ့ပေးရေး အစီအစဉ်အကြောင်းကို ရှင်းလင်းတင်ပြပြီး လူမှု့ဝန်ထမ်းဦးစီးဌာန (နေပြည်တော်)မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်လင်းထင်က အစီအစဉ်၏ ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။
        ၎င်းနောက် တက်ရောက်လာသူများမှ သိလိုသည်များကို မေးမြန်းကြရာ လူမှုဝန်ထမ်းဦးစီးဌာန (နေပြည်တော်) မှ ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယ ညွှန်ကြားရေးမှူးတို့က ပြန်လည်ဖြေကြားပေးခဲ့ပါသည်။ ချင်းပြည်နယ်လွှတ်တော် ဥက္ကဌမှ ကျေးဇူးတင်စကားပြောကြားပြီး ပြည်နယ် လူမှုရေးရာဝန်ကြီးမှ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပြီးနောက် အခမ်းအနားကို နေ့လည် (၁၂း၁၅)နာရီအချိန်တွင် ရုတ်သိမ်းကာ မှတ်တမ်းဓာတ်ပုံများ ရိုက်ယူခဲ့ပါသည်။ 

FacebookTwitter