မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းအဖွဲ့(၁၅)ကြိမ်မြောက် ပုံမှန်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ၂၃.၆.၂၀၁၇
    ၂၀၁၇ ခုနှစ်၊ ဇွန်လ(၂၂)ရက်နေ့တွင် နေပြည်တော်၊ Grand Amara ဟိုတယ်၌ ကျင်းပပြု လုပ်သော မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းအဖွဲ့(၁၅)ကြိမ်မြောက်  ပုံမှန်ညှိနှိုင်းအစည်းအဝေးသို့ လူမှုဝန်ထမ်းဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေးမှ  တက်ရောက်၍  အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။ မိုင်းနှင့်စစ်ကျန် ပေါက်ကွဲစေတတ်သော လက်နက်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်နိုင်ရန်(၂၇.၄.၂၀၁၂)ရက်နေ့တွင် မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်း အဖွဲ့ကိုဖွဲ့စည်း၍ မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းများအား စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်(၁၄)ခုအနက် (၉) ခုတွင် မြေမြှပ်မိုင်းများနှင့်စစ်ကျန်ပေါက်ကွဲစေတတ်သော ပစ္စည်းများရှိနေနိုင်သည့်အတွက် မိုင်းအန္တရာယ်ကာကွယ်ရေးသည် မြန်မာနိုင်ငံတွင် ဦးစားပေးဆောင် ရွက်ရမည့်အရေးကိစ္စတစ်ခုဖြစ်ပါကြောင်း၊ထို့ကြောင့် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် ကရင်ပြည်နယ်တို့တွင် မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ ဒေသတွင်းလူမှုအဖွဲ့အစည်းများ၊နိုင်ငံတကာအစိုးရမဟုတ်သောလူမှုရေးအဖွဲ့အစည်းများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန်အတွက် ပြည်နယ်အဆင့်မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းအဖွဲ့များ ကိုဖွဲ့စည်း၍ အသိပညာပေးလုပ်ငန်းများ၊ ထိခိုက်ဒါဏ်ရာရရှိသူ ကူညီထောက်ပံ့ပေးရေးလုပ်ငန်းများ၊ သတင်းအချက်အလက်စီမံခန့်ခွဲမှုလုပ်ငန်းများ၊ မိုင်းရှင်းလင်းရေးအထောက်အကူပြုလုပ်ငန်းများကို ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသွားခဲ့ပါသည်။

FacebookTwitter