အာရှ-ပစိဖိတ်ဒေသ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဆိုင်ရာညီလာခံ
မြန်မာနိုင်ငံသည် အာဆီယံ-ကိုရီးယား အိမ်တိုင်ရာရောက် သက်ကြီးရွယ်အို စောင့်ရှောက် ရေးအစီအစဉ်ကို ဆောင်ရွက်လျက် ရှိသဖြင့် ၂၀၁၀ခုနှစ် သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင် ကျင်းပ ပြုလုပ်သော ညီလာခံတွင် Help Age International မှ ၂၀၁၂ခုနှစ်တွင် မြန်မာနိုင်ငံ၌ အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပပြုလုပ်ရန် အဆိုပြု တင်ပြခဲ့ပါသည်။ ယင်း တင်ပြချက်အရ ပြည်ထောင်စု ဝန်ကြီးရုံးမှ တဆင့် နိုင်ငံတော် သမ္မတရုံးသို့ အဆင့်ဆင့် တင်ပြခဲ့ရာ နိုင်ငံတော် သမ္မတရုံးမှ ခွင့်ပြုခဲ့သဖြင့် ရန်ကုန်မြို့၊ ဆီဒိုနား ဟိုတယ်တွင် မေလ (၇) ရက်မှ (၁၂) ရက်နေ့အထိ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ ညီလာခံသို့ မြန်မာနိုင်ငံ အပါအဝင် အာရှ-ပစိဖိတ် ဒေသတွင်း နိုင်ငံ(၂၈)နိုင်ငံမှ သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်း ဆောင်ရွက် နေသည့် ကိုယ်စားလှယ် များ၊ ကျွမ်းကျင် ပညာရှင်များ နှင့်သက်ကြီး ရွယ်အို စုစုပေါင်း (၁၂၀)ကျော် တက်ရောက် ခဲ့ကြပါသည်။

ညီလာခံဖွင့်ပွဲ အခမ်းအနားကို ၈.၅.၂၀၁၂ နေ့တွင် ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးက အမှာစကား ပြောကြားခဲ့ပါသည်။
ညီလာခံ အစီအစဉ်များ အဖြစ် ဆွေးနွေးပွဲ ကျင်းပခြင်းနှင့် Field Visit အဖြစ် ဧရာဝတီတိုင်း ဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးမျာရှိ အိမ်တိုင် ရာရောက် သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်း ဆောင်ရွက် နေသော ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်း လေ့လာခဲ့ပါသည်။
ညီလာခံကို မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် အောင်မြင်စွာ ကျင်းပ နိုင်ခဲ့ခြင်းမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနနှင့် အတူ ကျန်းမာရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာန နှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန တို့၏ ပေါင်းစပ် ညှိနှိုင်းမှုကြောင်း လည်းကောင်း၊ အဖွဲ့အစည်း များဖြစ် သော Help-Age International , Newzealand Aid, Age UK, Htoo Foundation & Air Bagan, UNFPA, World Vision နှင့် Caritas Thailand တို့ ဝိုင်းဝန်း ပံ့ပိုးကူညီ ပေးမှုကြောင့် ဆောင်ရွက် နိုင်ခဲ့ပါသည်။
အဆိုပါ သက်ကြီးရွယ်အို ညီလာခံကို မြန်မာ နိုင်ငံတွင် လက်ခံ ဆောင်ရွက် ခြင်းဖြင့် နိုင်ငံတော်နှင့် ဝန်ကြီးဌာန အတွက် ဂုဏ်ယူဖွယ် ဖြစ်သည့်အပြင် ညီလာခံသို့ တက်ရောက် လာသော အာရှ-ပစိဖိတ် ဒေသတွင်း နိုင်ငံများ၏ သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဆိုင်ရာ မူဝါဒများ၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေးနှင့် ပတ်သက်သည့် အားသာချက်၊ အားနည်းချက် စသည့် အတွေ့အကြုံ များကို ဖလှယ်ခွင့် ရရှိသည့်အပြင် မြန်မာနိုင်ငံတွင် ဆောင်ရွက် လျက်ရှိသော အိမ်တိုင်ရာရောက် သက်ကြီးရွယ် အိုစောင့်ရှောက်ရေး လုပ်ငန်းများ၊ သက်ကြီး သူချင်းကူညီ စောင့်ရှောက်ရေး အဖွဲ့များနှင့် သက်ကြီး ရွယ်အိုများအား ကျန်းမာရေးအရ စောင့်ရှောက်ခြင်း စသည့် အချက်များကို ပြသခွင့် ရရှိခဲ့သည့် အတွက် မြန်မာနိုင်ငံ၏ သက်ကြီးရွယ်အို စောင့်ရှောက် ရေးလုပ်ငန်းများကို များစွာ အထောက်အကူ ပြုနိုင်ခဲ့ပါသည်။