မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးကို နိုင်ငံတော်က အလေးထား ဆောင်ရွက်လျက် ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြောကြား
သြဂုတ်၂၅၊ ပြည်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ခရိုင်၊ ၀က်ထီးကန်မြို့ရှိ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ရွှေပြည်သာ လူငယ်များ ပြုစုပျိုးထောင်ရေးစခန်းသို့ ရောက်ရှိရာ စခန်းတာဝန်ခံအရာရှိ ယာယီဒုတိယ ရဲမှူးကြီးသန်းအောင်က စခန်း၏ဖွဲ့စည်းပုံ၊ နောက်ခံသမိုင်း၊ စခန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် လက်ရှိ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ မူးယစ်ဆေးဆွဲသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ မြင့်မားတိုးတက်လာစေရန်အတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ပုံမှန်ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်သင်ကြားပေးခြင်း၊ သက်မွေး အတတ်ပညာသင်ကြားပေခြင်း၊ စိုက်ပျိုးမွေးမြူရေးပညာရပ်များကို သင်ကြားပေးခြင်းများဆောင်ရွက် ပေးလျက်ရှိပြီး ယခုအခါ မူးယစ်ပြစ်မှုကျခံနေရသူများကိုသာမက မိဘများက လာရောက်အပ်နှံသော သင်တန်းသားများ၊ ကိုယ်တိုင်ဝန်ခံ၍ ဆေးဖြတ်လိုစိတ်ရှိသော သင်တန်းသားများကိုပါ လက်ခံ ဆောင်ရွက်ပေးနေပါကြောင်း ရှင်းလင်းတင်ပြရာ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် က ဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။
အဆိုပါရှင်းလင်းချက်များအပေါ်တွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်က တရားဥပဒေစိုးမိုး ရေးနှင့် လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်နေပါကြောင်း၊ ယခုမူးယစ်ဆေးဆွဲသူများ ပြန်လည်ထူထောင်းရေးသည်လည်း အရေးကြီးပါကြောင်း၊ သင်တန်းသားများအတွက် စိုက်ပျိုးမွေးမြူရေး အပြင် တခြား အသက်မွေးဝမ်းကျောင်း ပညာများကိုလည်း တို့ချဲ့သင်ကြားပေးရန်နှင့် အလုပ်အကိုင်များ ဖော်ဆောင် ပေးရန်လိုအပ်ပါကြောင်း၊ ပုံမှန်အပတ်စဉ် သင်တန်းများကိုလည်း ဖွင့်လှစ်ပေးစေ လိုပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ရွှေပြည်သာလူငယ်များ ပြုစုပျိုးထောင်ရေးစခန်းတွင် တာဝန်ထမ်းဆောင် နေကြသည့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက စခန်းရှိအဆောက်အဦးများ ပြုပြင်ရန်လိုအပ်မှုများ၊ ၀န်ထမ်းအင်အား လိုအပ်မှုများကို အသီးသီးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ ၀န်ကြီးဌာနက ပံ့ပိုးပေးနိုင်မည့် အခြေအနေများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေး နိုင်မည့်ကိစ္စများကို ပြန်လည်ဆွေးနွေးပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စခန်းအတွင်းရှိ မိဘအပ်နှံသင်တန်းသား (၃၀)ဦးအား တွေ့ဆုံ၍ သင်တန်းသားတဦးချင်း၏ လိုအပ်ချက်များကို မေးမြန်းခဲ့ရာ သင်တန်းသားများမှ သင်ကြားပေးစေလိုသည့် အသက်မွေးဝမ်းကျောင်း ပညာရပ်များ၊ ကြုံတွေ့ရသည့် အခက်အခဲများနှင့် ပတ်သက်၍ တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က ပြန်လည်အကြံပြုဆွေးနွေးပြီး လိုအပ်ချက်များ နှင့်ပတ်သက်၍ ညှိနှိုင်းဖြည့်ဆည်းပေးမည် ဖြစ်ကြောင်းပြောကြားခဲ့ပါ သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ယခုအခါ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းဝယ်၊ ဖေါက်ကားမှုအဆင့်ဆင့်တွင် ဥပဒေနှင့်အညီအရေးယူဆောင်ရွက်မှုများကို နိုင်ငံတော် သမ္မတရုံးကဦးဆောင်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ကိုလည်းပြုပြင်ပြောင်းလဲပြီးဖြစ်ရာ မူးယစ်ဆေးဝါးသုံးစွဲမှုတားဆီးရေးနှင့် မူးယစ်ဆေးစွဲဖြတ်ခြင်း၊ ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများကို စီမံချက်များချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်လူရွယ်များ မူးယစ်သံသရာမှ လွတ်မြောက်၍ အသက်မွေးဝမ်း ကျောင်းပညာရပ်များသင်ကြားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ချိတ်ဆက်ဆောင်ရွက်ပေးခြင်း များကို လူမှုအဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းများ၊ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။