၂၀၂၁-၂၀၂၂ ခု၊ ပညာသင်နှစ်အတွင်း လူမှုဝန်ထမ်းဦးစီးဌာန၊ သင်တန်းကျောင်းများမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုပွဲနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ပြုစုထားရှိသည့် ပုံပြင်၊ ကဗျာ စာအုပ် (၃) မျိုး ဖြန့်ချိခြင်းအခမ်းအနား

    ၂၀၂၁-၂၀၂၂ ခု၊ ပညာသင်နှစ်အတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားရှိသော သင်တန်းကျောင်းများမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုပွဲနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ပြုစုထားရှိသည့် ပုံပြင်၊ ကဗျာ စာအုပ် (၃) မျိုး ဖြန့်ချိခြင်းအခမ်းအနားကို Virtual ပုံစံဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင် တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ညွှန်ကြားရေးမှူးများ၊ သင်တန်းကျောင်း ကျောင်းအုပ်များနှင့် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

     ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ကလေးသူငယ်အခွင့်အရေးများကိုဖော်ဆောင်ရာတွင် ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ကလေးသူငယ်များကို ကလေးပြုစုရေးဌာနများ၊ သင်တန်းကျောင်းများအလိုက် အမျိုးအစားများသတ်မှတ်ကာ ဖွင့်လှစ်ထားရှိပြီး ပြုစုစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေသလို တစ်ဖက်ကလည်း အတန်းပညာ၊ ကျောင်းပြင်ပပညာနှင့် သက်မွေးပညာသင်တန်းများ တက်ရောက်နိုင်ရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့အနေဖြင့်ဌာနမှ စောင့်ရှောက်ထားရှိသော ကလေးသူငယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့်ဘဝရပ်တည်ရေးအတွက်ဆောင်ရွက်ပေးရေးစီမံချက်ကိုရေးဆွဲခဲ့ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာမှာ ကလေးသူငယ်များကို ၎င်းတို့၏ဝါသနာပါမှုနှင့် သင်ကြားလေ့ကျင့် ပေးနိုင်မှု အပေါ်မူတည်၍ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ အစိုးရနည်းပညာအထက်တန်းကျောင်း၊ အနုပညာအထက်တန်းကျောင်းများ၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများသို့ ပို့အပ်၍ သင်ကြားလေ့ကျင့်ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ရှေ့ဆက်ရမယ့်ဘဝခရီးမှာ ပညာဖြင့်အသက်မွေးဝမ်းကျောင်းပြုသူများဖြစ်စေလိုပါကြောင်း၊ အဆင့်မြင့်ပညာရပ်များ ဆက်လက်သင်ယူတဲ့နေရာမှာလည်း  လုံ့လဝီရိယအားစိုက်ထုတ်ကာ ကြိုးစားကြဖို့နဲ့ မိမိတို့ရဲ့ ဘဝရပ်တည်နိုင်ရေးအတွက် စနစ်တကျရွေးချယ်တက်ရောက်ကြဖို့လည်း မှာကြားလိုပါကြောင်း၊ သင်တန်းကျောင်းမှာရှိတဲ့ ညီငယ်၊ ညီမငယ်များအတွက် စံနမူနာပြပုဂ္ဂိုလ်များ ဖြစ်တာနဲ့အညီ နိုင်ငံတော်ကအားကိုးရတဲ့ လူတော်လူကောင်းများ ဖြစ်လာစေဖို့ ဆန္ဒပြုပြောကြားလိုပါကြောင်း၊ မူကြိုအရွယ် ကလေးသူငယ်များအတွက် အလေ့အကျင့်ကောင်းများ ပျိုးထောင်မှုကို အထောက်အကူဖြစ်စေရန်၊ အကျင့်စာရိတ္တဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေရန်နှင့် ရိုးရာယဉ်ကျေးမှုကို မြတ်နိုးတတ်စေရန် ရည်ရွယ်၍ ပုံပြင်၊ ကဗျာစာအုပ်များကို ပြုစုထုတ်ဝေရခြင်းဖြစ်ပြီး သင်ကြားလေ့ကျင့်ပေးမယ့် ဆရာ/ ဆရာမများအနေနဲ့ စိတ်ရောကိုယ်ပါ ထက်သန်စွာနဲ့ ကလေးတွေ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကြိုးစားဆောင်ရွက်ပေးကြဖို့ကိုလည်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများက တစ်ဆင့် တိုက်တွန်းမှာကြားလိုပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိကလိုအပ်တဲ့ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးလုပ်ငန်းဟာ အရေးကြီးတဲ့ကဏ္ဍက ပါဝင်နေတာကြောင့် မိမိတို့စောင့်ရှောက်ပေးရတဲ့ ကလေးသူငယ်များရဲ့ အကောင်းဆုံးအကျိုးစီးပွားကိုရှေးရှုပြီး ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ပေးသွားကြစေလိုပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ ဒုတိယဝန်ကြီးက တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/ကျောင်းသူ များအနေဖြင့် အဆင့်မြင့်ပညာရပ်များကို ဆက်လက်သင်ကြားရာမှာ မိမိတို့ဘဝအတွက် ရေရှည်ရပ်တည်နိုင်မည့် အသက်မွေးဝမ်းကျောင်းပညာရပ်များကို ရွေးချယ်တက်ရောက်စေ လိုကြောင်း၊ ရှေ့ဆက်လက်၍ မိမိဘဝကို ကြိုးစားတည်ဆောက်ရာမှာ ကိုယ်တိုင်က ကြိုးစား၍ ပတ်ဝန်းကျင်ကောင်းဖြစ်ရန်လည်း လိုအပ်ကြောင်းမှာကြားခဲ့ပြီး ဒီကနေ့ ဖြန့်ချိ သည့် ပုံပြင်၊ ကဗျာစာအုပ်(၃)မျိုးသည်  ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်  ဖွံ့ဖြိုးရေး အတွက် အရင်းအမြစ်ကောင်းများပင်ဖြစ်တာကြောင့် ဆက်လက်ပြီး ထုတ်ဝေဖြန့်ချိနိုင်ရေး တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြားခဲ့ပါသည်။

     ထို့နောက် ၂၀၂၁-၂၀၂၂ ခု၊ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းမှ ကျောင်းသား(၅) ဦး၊ အမျိုးသမီးကလေးများသင်တန်းကျောင်း (ရန်ကုန်) မှ ကျောင်းသူ (၄) ဦး၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာန (ရန်ကုန်) မှ ကျောင်းသူ (၂) ဦး၊ မန္တလေးတိုင်းဒေသကြီး၊ အမျိုးသမီးကလေးများ သင်တန်းကျောင်း (မန္တလေး) မှ ကျောင်းသူ (၁) ဦး၊ နားမကြားသောကလေးများကျောင်း (မန္တလေး) မှ ကျောင်းသား (၁) ဦး၊ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာလူငယ့် အားမာန်သင်တန်းကျောင်းမှ ကျောင်းသား (၁) ဦး၊ စုစုပေါင်း ကျောင်းသား/ ကျောင်းသူ (၁၄) ဦးတို့အား သက်ဆိုင်ရာတိုင်းဒေသကြီးဦးစီးမှူးများနှင့် ခရိုင်ဦးစီးမှူးတို့က ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/ ကျောင်းသူများကိုယ်စား ကျောင်းသား (၁) ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

     ၂၀၂၁-၂၀၂၂ ခု၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ လူမှုဝန်ထမ်းဦးစီးဌာန၊ သင်တန်း ကျောင်း (၉) ကျောင်းမှ ကျောင်းသား/ ကျောင်းသူ (၄၃) ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး (၁၄) ဦး အောင်မြင်၍ ၎င်းတို့အနက် (၂) ဘာသာဂုဏ်ထူးရရှိသူ (၃) ဦးနှင့် (၁) ဘာသာဂုဏ်ထူးရရှိသူ (၃) ဦးတို့ဖြစ်ပါသည်။ ဆက်လက်၍ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် အထောက်အကူပြု ပုံပြင်၊ ကဗျာ၊ သီချင်းစာအုပ်များကို ပြည်ထောင်စုဝန်ကြီးက နေပြည်တောင်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်လူမှုဝန်ထမ်းရုံးများ၏ ညွှန်ကြားရေးမှူးများကိုယ်စား ချင်းပြည်နယ်လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူးအား ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter