ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများ ပြန်လည်ထူထောင်ရေး တွေ့ဆုံဆွေးနွေး

ကချင်ပြည်နယ်၊ ၃၁-၃-၂၀၁၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာခက်အောင်၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ပြည်နယ် လူမှုရေးဝန်ကြီး၊ ပြည်နယ်သယံဇာတ နှင့် သဘဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဖားကန်မြို့သို့ရောက်ရှိပြီး ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက်  ကျောက်မျက်ကုမ္ပဏီ များ၏ ပျိုးဥယျဉ်တွင် မန်ဂျန်ရှား ပျိုးပင်များ စိုက်ပျိုးထားရှိမှုနှင့် ပိတ်သိမ်းပြီးသက်တမ်း ကုန်လုပ်ကွက် မြေနေရာများတွင် မြေများ ပြန်ဖို့၍ မန်ဂျန်ရှားပြန်လည်စိုက်ပျိုးပြီး ဖြစ်ထွန်းအောင်မြင်မှုများကို သွားရောက်ကြည့်ရှုခဲ့ကြပါသည်။ ဖားကန့်ဒေသတွင် (၂၀၁၆) မှ  (၂၀၁၈) ခုနှစ်အထိ မန်ဂျန်ရှားပင် (၁.၄) သိန်းကျော် စိုက်ပျိုးထားရှိပြီး၊ (၂၀၁၉) ခုနှစ်တွင်းလည်း ပျိုးပင်ပေါင်း (၁)သိန်းကျော် စုဆောင်းထားရှိမှုကြောင်း ကျောက်မျက်ကုမ္ဗဏီ တာဝန်ရှိသူများ၊ သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင်းထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းနှင့် တာဝန်ရှိသူများက တင်ပြဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လက်ရှိ တူးဖော်ခွင့်ရ လုပ်ကွက်တွင် ဘေးအန္တရာယ်ကင်းရှင်းစွာ တူးဖော်နိုင်ရေးအတွက် လစ်လပ်၊မက်လင်ချောင်း အကျိုးတူ (၂) လုပ်ကွက်အတွင်း ခေါင်းပေါင်း မြေ ဖယ်ရှားနေခြင်းကို သွားရောက်ကြည့်ရှုခဲ့ကြပါသည်။
ဆက်လက်ပြီး ဖားကန့်မြို့နယ်ရှိ စုပေါင်းရုံးတွင် ကျင်းပပြုလုပ်သော တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် တိုင်းရင်းသား အရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေး အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ပြည်သူအားလုံး သာတူညီမျှခံစားရရှိရေးသည် အစိုးရ၏မူဝါဒဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ဦးတည်ချက်ဖြစ်သည့် ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး လမ်းကြောင်းကို  စတင်လျှေက်လှမ်းနေပြီဖြစ်ပါကြောင်း၊ ဒီမိုကရေစီစနစ်သည် ပြည်သူက အုပ်ချုပ်သည့်စနစ် ဖြစ်ပါကြောင်း၊ ပြည်သူ့အင်အားပါဝင်မှသာ အောင်မြင်မည် ဖြစ်ပါကြောင်း၊ ကချင်ပြည်နယ်တွင် အရေးကြီးသည့်ကိစ္စသည် မူးယစ်ဆေးဝါးပြဿနာ ဖြစ်ပါကြောင်း၊ ကချင်ပြည်နယ် အစိုးရအနေဖြင့်လည်း တရားဥပဒေစိုးမိုးရေးနှင့် မူးယစ်ဆေးဝါး တားဆီး နှိမ်နှင်းရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စုအစိုးရကလည်း မူးယစ်ဆေးဝါး ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများကို ထိရောက်စွာ အရေးယူဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုအခါအကျဉ်းစခန်းများတွင် မူးယစ်ဆေးဝါးသုံးစွဲသည့် လူငယ်များ၊ လူလတ်များ၏ တန်ဖိုးရှိသည့် အချိန်များကို တန်ဖိုးမဲ့ကုန်လွန်နေရပါကြောင်း၊ မူးယစ်သံသရာမှ လွတ်မြောက် စေသော ထိရောက်သည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်ကို မဖြစ်မနေ ဖော်ဆောင် ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော် အတွက် လူသားအရင်းအမြစ်များ မဆုံးရှုံးစေရေး၊ စွမ်းရည်ပြည်ဝသော လူသားအရင်းအမြစ်များ ဖြစ်ပေါ်လာစေရေးအတွက် မူးယစ်ဆေးဖြတ်ပြီး သူများပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကဏ္ဍကြီးတစ်ရပ်အနေဖြင့် ဆောင်ရွက်နေ ပါကြောင်း၊ လက်ရှိမူးယစ်ဥပဒေအသစ်ကိုလည်း ထပ်မံပြန်လည်ပြင်ဆင်ရေး စီစဉ်လျက်ရှိပါ ကြောင်း၊ သို့မှသာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ပိုမိုထိရောက်စွာ ပြုလုပ်နိုင်မှာ ဖြစ်ပါကြောင်း၊ ဖားကန့်ဒေသအတွက်လည်း ဒေသခံပြည်သူများအတွက် အကာကွယ်ပေးနိုင်သော ကောင်းကျိုးခံစားရရှိနိုင်သည့် တရားသော ဥပဒေများစိုးမိုးရေးသည် လွန်စွာအရေးကြီး နေပါကြောင်း၊ သို့မှာသာ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာ မှာဖြစ်ပါကြောင်း၊ ဤဒေသတွင် ဒေသခံများ အပါအဝင် ရွှေ့ပြောင်းလုပ်သားများသည် မူးယစ်ဆေး သုံးစွဲခြင်း၊ မြေစာပုံ ပြိုကျ၍ အသက်ဆုံးရှုံးရခြင်း၊ မိသားစုအလိုက် ဘေးဒုက္ခခံစားရခြင်းများအတွက် တရားဥပဒေ စိုးမိုးရေး နှင့်  ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်ပေးရန် မိမိတို့အားလုံးတွင် တာဝန်ရှိသော ကြောင့် လာရောက်ရခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနတစ်ခုထဲဆောင်ရွက်၍ မရသောကြောင့် လုပ်ငန်းအဖွဲ့များနှင့်  လုပ်ငန်းအဖွဲ့ခွဲများကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ဖွဲ့စည်းပေးထားပါ ကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဤဒေသပြန်လည်ထူထောင်ရေး လုပ်ငန်းအဖွဲ့၏ ဥက္ကဌ၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်က ပူးတွဲဥက္ကဌ အနေဖြင့် ဆောင်ရွက်ရပါကြောင်း၊ ယင်းအဖွဲ့က သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ ပြည်သူများနှင့် ပူးပေါင်း၍ ဆောင်ရွက်ကြမှာ ဖြစ်ပါကြောင်း၊ ဒေသခံပြည်သူများထံမှ အကြံဉာဏ်များရယူ ဆောင်ရွက် ကြရမှာဖြစ်ပါကြောင်းနှင့် ဖားကန့်ဒေသကြီး တည်ငြိမ်အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူများအားလုံးဥပဒေ ဘောင်အတွင်း ၌ အေးချမ်းလုံခြုံစွာနေထိုင်နိုင်ရန် အားလုံးပူးပေါင်း ဆောင်ရွက်ပေးကြစေလို ကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။
ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ပြည်နယ်သည် ငြိမ်းချမ်းမှုမရှိသဖြင့် ဖွံ့ဖြိုးမှု နောက်ကျခဲ့ကြောင်း၊ အထူးသဖြင့် ဖားကန့်ဒေသတွင် တရားဥပဒေ စိုးမိုးမှုအားနည်းခဲ့ကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း ပြည်သူများအပေါ် စေတနာထား၍ အကောင်းဆုံး ဝန်ဆောင်မှု ပေးကြစေလိုကြောင်း၊ မူးယစ်ဆေး ပြဿနာကို ပြည်သူများနှင့် ပူပေါင်း၍ ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက ဖားကန့်ဒေသ ရွှေ့ပြောင်း လုပ်သားများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်များ ဆောင်ရွက်ထားရှိမှုများ တင်ပြ ဆွေးနွေး ခဲ့ပါသည်။
တက်ရောက် လာသူများက ဝှေခါကျေးရွာတိုက်နယ်ဆေးရုံမြေ ရရှိရေး ကြန့်ကြာနေမှု၊ ခက်ကျန်ရွာတွင် အိမ် ၂၂ လုံး ပြိုကျနိုင်မှု၊ မြေအက်ကွဲကြောင်းများ ဖြစ်ပွားမှု၊ မြေပြိုကျနိုင်မှု၊ ဟောင်ပါးကျေးရွာအုပ်ချုပ်ရေးမှူး ပြန်လည်ခန့်ထားပေးနိုင်ရေး၊ ဒေသခံတိုင်းရင်းသားများအတွက် အလုပ်အကိုင်ရရှိရေး၊ မြေဂရမ်ရရှိရေးနှင့် အသေးစားချေးငွေရရှိရေး၊ မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရေး၊ မြေဇာပြိုကျ၍ အိမ်များပြိုကျမှု အခြေအနေများကို ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက ပြန်လည်ညှိနှှိုင်းဆွေးနွေး ခဲ့ကြပါသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ် ကုသရေးနှင့် ပြန်လည်ထူထောင်ရေး၊ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်း နှင့် အိမ်တွင်းမှု လျှပ်စစ်သင်တန်း ဆင်းပွဲအခမ်းအနားသို့ တက်ရောက်ပြီး အမှာစကား ပြောကြားရာတွင် ဖားကန့်ဒေသတွင် မူးယစ်ဆေးဖြတ်သူများ ပြန်လည်ထူထောင်ရေးသင်တန်းကို ပထမဆုံးအကြိမ် ဖွင့်လှစ်နိုင်ခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့သော ရပ်ရွာအခြေပြုသင်တန်းများကို ဆက်လက် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်း တစ်ကြိမ်လျှင် သင်တန်းသား (၃၀)ဦးသာ လက်ခံနိုင်ရာ စိတ်ပါဝင်စားသူ များပြားသည်ဟု သိရှိရကြောင်း၊ ပြန်လည် ထူထောင်လိုသူများကို ရပ်ရွာ၊ရပ်မိရပ်ဖများ၊ လူမှူအဖွဲ့အစည်းများ၊ အရပ်ဖက် အဖွဲ့အစည်းများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြသည်ကို တွေ့ရ၍ ကျေးဇူးတင်ဝမ်းမြောက်ကြောင်း၊ ပြည်နယ်အစိုးရ၏ ပူးပေါင်းပါဝင်မှုကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ဖားကန့်မြို့နယ် ဒေသခံ သင်းအုပ်ဆရာက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး သင်တန်းဆင်း သင်တန်းသားများကို ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြည်နယ်သယံဇာတ နှင့် သစ်တောဝန်ကြီး နှင့် ပြည်နယ် လူမှုရေး ဝန်ကြီးတို့က သင်တန်းဆင်း လက်မှတ်များ အသီးသီး ပေးအပ်ခဲ့ကြပါသည်။ ဆက်လက်၍ သင်တန်းသားများက “အမွှေခံဆိုးရဲ့ နောင်တ” သီချင်းဖြင့် သိဆို ဖျော်ဖြေခဲ့ပြီး မှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။
ယမန်နေ့ ညနေပိုင်းကလည်း ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခ ခန်းမတွင် ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆိုင်ရာ လုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကိုလည်း ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးက  ပြောကြားရာတွင် ပြည်ထောင်စု အစိုးရ အနေဖြင့် ဖားကန်ဒေသရှိ ရွှေ့ပြောင်းလုပ်သားများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆိုင်ရာ လုပ်ငန်းအဖွဲ့နှင့် လုပ်ငန်းအဖွဲ့ခွဲ(၆)ခုတို့ကို ဖွဲ့စည်းပေးခဲ့ကြောင်း၊ ယနေ့အစည်းအဝေးသည် လုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ် အစည်အဝေး ဖြစ်ကြောင်း၊ ပထမ အကြိမ် အစည်းအဝေးကို (၂၀၁၈)ခုနှစ် အောက်တိုဘာလက နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အစည်အဝေးဆုံးဖြတ်ချက် (၃၉) ချက်ကို ချမှတ်နိုင်ခဲ့ပြီး သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့ခွဲများက အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများ အောင်မြင်မှုရရှိစေရန် ကျယ်ကျယ်ပြန့်ပြန့် ပညာပေးရမည် ဖြစ်ကြောင်း၊ လုပ်ငန်းအဖွဲ့ခွဲ အချင်းချင်း၊ သက်ဆိုင်ရာ အစိုးရဌာန အချင်းချင်း၊ ပြည်နယ်အစိုးရနှင့် ပြည်ထောင်စု အစိုးရကြား၊  ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ဖားကန့်ဒေသခံများ၏ ပူးပေါင်းပါဝင်မှုသည် အဓိက အရေးကြီးကြောင်း၊ ရှေ့ဆက် လုပ်ဆောင်မည့် လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း၊ (၂၀၁၉) ခုနှစ် ဖေဖော်ဝါရီလမှ စတင်ပြီး ဖားကန့်ဒေသတွင် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် မူယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးသင်တန်းကို စတင် ဖွင့်လှစ်နိုင်ခဲ့ပြီး ရေရှည်တည်တံ့စေရန် အရပ်ဖက်အဖွဲ့အစည်းများ၊ ပရဟိတ အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
    အစည်းအဝေး သို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ညွန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဖားကန့်ဒေသ တရားဥပဒေစိုးမိုးရေ လုပ်ငန်းအဖွဲ့ခွဲ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းအဖွဲ့ခွဲ၊ မြေယာစီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ခွဲ၊ အသက်မွေးဝမ်းကျောင်း သင်တန်းပေးရေး နှင့် အလုပ်အကိုင်ရှာဖွေပေးရေး လုပ်ငန်းအဖွဲ့ခွဲ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းအဖွဲ့ခွဲ နှင့်ဘဏ္ဍာရေး လုပ်ငန်းအဖွဲ့ခွဲ တို့၏ ဥက္ကဌများဖြစ်ကြသော ပြည်နယ်ဝန်ကြီးများ နှင့် တာဝန်ရှိသူများက တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး နှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် တို့က ဖြည့်စွက်ဆွေးနွေးခဲ့ကြပါသည်။
    ဖားကန့်ဒေသကျောက်စိမ်းရတနာမြေသည် နိုင်ငံတော်၏ ကျောက်မျက်သယံဇာတ ထွက်ရှိရာ အဓိကနေရာဖြစ်ရာ ဒေသခံများအတွက်သာမက နိုင်ငံအနှံ့အပြားမှ ရွှေ့ပြောင်း အလုပ်သမားအများစု အလုပ်အကိုင်အခွင့်အလမ်းရရှိနေသော ဒေသဖြစ်ပါသည်။ ဤဒေသတွင် တရားဥပဒေစိုးမိုးရေးနှင့်အလုပ်သမားများ ဘေးကင်းလုံခြုံမှုရှိသော ပတ်ဝန်းကျင်ဖော်ဆောင် ပေးနိုင်ရေး၊ ကျောက်မျက်နှင့်ဆက်စပ်သော အလုပ်အကိုင်များ ပိုမိုဖန်တီးပေးနိုင်ရေး၊ မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေးနှင့်မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ပေးရေး၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို ပြန်လည်ဦးစားပေးဆောင်ရွက်နိုင်ရေး၊ ရွှေ့ပြောင်းလုပ်သားများ များပြားလာခြင်းကြောင့် ရပ်ရွာတိုးချဲ့ထူထောင်ရာတွင် ဥပဒေနှင့်အညီ မြေယာစီမံခန့်ခွဲမှု စနစ်တကျ ဆောင်ရွက်ရေးတို့ကို ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ လုပ်ငန်းရှင်များနှင့် လူမှုအဖွဲ့အစည်းများ၊ ပြည်သူများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

FacebookTwitter