စနစ်ကျသော ရှေးဦးအရွယ်ကလေးသူငယ်ပြုစုစောင့်ရှောက်ခြင်းကို အကောင်အထည်ဖော်ခြင်း သည် အနာဂတ်အတွက် စွမ်းရည်ပြည်ဝသော လူသားအရင်းအမြစ်များ ပေါ်ထွက်စေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ဆွေးနွေးပြောကြား

ပေါင်မြို့၊ ၇ ဧပြီ
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် မော်လမြိုင်မြို့နယ်တွင်းရှိ မူလတန်းကြိုကျောင်းများနှင့် မိခင်ဝိုင်းများမှ မိဘများနှင့်တွေ့ဆုံ၍ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးဆိုင်ရာ အရေးကြီးပုံကို ဆွေးနွေးပြောကြားခြင်း နှင့် ရှေးဦးအရွယ်ကလေးသူငယ် တိုင်းထွာစစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှု အားပေးခဲ့ပါသည်။
    မွန်ပြည်နယ်သို့ ရောက်ရှိနေသာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လူငယ်ပြုစုရေးဌာနသို့ ရောက်ရှိ၍ ဌာနက စောင့်ရှောက်ထားသော ကလေးငယ်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး ကလေးငယ်များအား အာဟာရမုန့်များနှင့် ကစားစရာ အရုပ်များကို ပေးဝေခဲ့ကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အထူးစောင့်ရှောက်ရန်လိုအပ်သော အမျိုးသမီးများ အတွက် လုံခြုံစိတ်ချရသော ခေတ္တနားခိုရာနေရာသို့သွားရောက်၍ အစောင့်အရှောက်ခံ အမျိုးသမီးများအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပါသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မော်လမြိုင်မြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်း၌ ကျင်းပသော မော်လမြိုင်မြို့နယ်အတွင်းရှိ မူလတန်းကြိုကျောင်းများနှင့် မိခင်ဝိုင်းများမှ မိဘများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ပြီး အမှာစကား ပြောကြားရာတွင် အစိုးရက ပြည်သူများအတွက် ရေရှည်တွင် အကျိုးရှိမည့် လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုစောင့်ရှောက်ရေး ကဏ္ဍတွင် မိဘများ၊ မိသားစုဝင်များနှင့် အုပ်ထိန်းသူများသည် အရေးကြီးပါကြောင်း၊ မွေးစမှ အသက်(၈)နှစ် အရွယ်ကို ရှေးဦးအရွယ်ကာလဟု သတ်မှတ်ပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်များကို ခန္ဓာကိုယ်ပုံမှန်ကြီးထွား၍ ဦးနှောက်ဖွံ့ဖြိုးတိုးတက်အောင် ပြုစုခြင်းသည်  ၎င်းတို့၏ ဖွံ့ဖြိုး တိုးတက်ခွင့်ကို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ စွန့်ပစ်ခံရသောကလေးငယ်များသည် အစောင့်ရှောက်ခံပိုင်ခွင့် ဆုံးရှုံးတာဖြစ်ပါကြောင်း၊ ထိုကဲ့သို့ အခြေအနေမျိုးတွင် မိရင်းဖရင်းသဖွယ် စောင့်ရှောက်မှုကိုစီမံပေးရန် လိုပါကြောင်း၊ ကလေးငယ်များ၏ အသက်အရွယ်အလိုက် ပါဝင်ခွင့် လည်းရှိရမှာ ဖြစ်ပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်များ၏ မွေးမှစ ရက်ပေါင်း(၁၀၀၀) ကာလတွင် ဦးနှောက်ဖွံ့ဖြိုးမှု အကောင်းဆုံးကာလဖြစ်ပါကြောင်း၊ ဤကာလ၌ မိဘများ၊ မိသားစုများက ရှေးဦးအရွယ်ကလေး သူငယ်ပြုစုစောင့်ရှောက်ရေးအသိများဖြင့် ပြုစုစောင့်ရှောက် ရန် အရေးကြီးပါကြောင်း၊ ထိုအသိများရရှိအောင် အစိုးရက အသိပေးဖြန့်ဝေမှုများ၊ ပံ့ပိုးကူညီမှုများ ပြုလုပ်သွားမှာဖြစ်ပါကြောင်း၊ နည်းစနစ်မှန်ကန်သောပြုစုစောင့်ရှောက်မှုများဖြင့် မိခင်ဝိုင်းများ၊ အစိုးရမူကြိုများ၊ ကိုယ့်အားကိုယ်ကိုးမူကြိုများ တိုးချဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း၊ စနစ်ကျသော ရှေးဦးအရွယ်ကလေးသူငယ်စောင့်ရှောက်ရေးဆရာဖြစ် သင်တန်းများကိုလည်း တိုးချဲ့ဖွင့်လှစ်လျက် ရှိပါကြောင်း၊ ရှေးဦးအရွယ်ကလေးများ၏ အသက်အရွယ် အဆင့်ဆင့် အလိုက်ပြောင်းလဲမှုများကို  မိခင်များ၊ မိသားစုဝင်များကိုယ်တိုင်က သိရှိပြီး ပုံမှန်ဖွံ့ဖြိုးတိုးတက်မှု ရှိ/ မရှိ ဆန်းစစ်ခြင်းကို ကြိုတင်ဆောင်ရွက်နိုင်ပါက မသန်စွမ်းမှုများကိုလျှော့ချနိုင်ပြီး အနာဂတ် နိုင်ငံအတွက် အရည်အချင်းပြည်ဝသော လူစွမ်းအား အရင်းအမြစ်ကောင်းများ ရရှိလာမှာ ဖြစ်ပါကြောင်း၊ ကလေးများ၏မိဘများနှင့် မိသားစုဝင်များက သိရှိဆောင်ရွက်ကြရန် အရေးကြီး ပါကြောင်း ပြောကြားခဲ့ပါသည်။
    ထို့နောက် တက်ရောက်လာကြသော မူလတန်းကြိုကျောင်းများနှင့် မိခင်ဝိုင်းများမှ မိဘများက မူကြိုကျောင်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး၊ ကျောင်းသားဦးရေ တိုးချဲ့လက်ခံပေးရေး၊ မူကြိုဆရာမ ဦးရေ တိုးမြှင့်ခန့်ထားရေး၊ မိခင်ဝိုင်းနှင့် မူလတန်းကြိုကျောင်းများ ဆက်စပ်နေမှု၊ ပြည်သူလူထုက ပူပေါင်းဆောင်ရွက်မှုတို့နှင့်ပတ်သက်၍ တင်ပြဆွေးနွေးကြရာ ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွန်ကြားရေးမှူးချုပ်တို့က ပေါင်းစပ် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပေါင်မြို့နယ် အလှပ်ကျေးရွာသို့ ရောက်ရှိပြီး မိဘပြည်သူများအား ရှေးဦးအရွယ်ကလေးသူငယ်များ ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေး ( Early Childhood Intervention) နှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုတွင် ပြည်သူများနှင့်တွေ့ဆုံကာ Early Childhood Intervention ၏ အရေးကြီးမှုအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းမှုများကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် လူမှုဝန်ထမ်းဦးစီးဌာန ညွန်ကြားရေးချုပ် တို့က ပြန်လည်ညှိနှိုင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ကျေးရွာတွင် ဖွင့်လှစ်ထားသော ရှေးဦးအရွယ်ကလေးသူငယ်များ ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည် ထူထောင်ရေး (ECI)စင်တာမှ အိမ်တိုင်ရာရောက်ဝန်ဆောင်မှုပေးနေသူများ၏ (၅)နှစ်အောက် ကလေးများဖွံ့ဖြိုးမှု ဆန်းစစ်ခြင်း လက်တွေ့ဆောင်ရွက်နေမှုများကို သွားရောက် လေ့လာကြည့်ရှု ခဲ့ကြပါသည်။
    ECI စင်တာတွင် ရှေးဦးအရွယ်ကလေးသူငယ်များ၏ ကိုယ်ကာယနှင့် ဦးနှောက်ဖွံ့ဖြိုး တိုးတက်ရန် ကဏ္ဍအလိုက် စိစစ်လေ့ကျင့်ပေးလျက်ရှိရာ၌ အခက်အခဲဖြေရှင်း နိုင်ခြင်းဆိုင်ရာ ဖွံ့ဖြိုးမှု၊ စိတ်ခံစားမှုဆိုင်ရာဖွံ့ဖြိုးမှု၊ အပြန်အလှန်ဆက်သွယ်ခြင်းနှင့် ဘာသာစကား ဖွံ့ဖြိုးမှု၊ လက်နှင့်လက်ချောင်းများဖွံ့ဖြိုးမှုများအတွက် အထောက်အကူပြုပစ္စည်းများအသုံးပြု၍ လေ့ကျင့် သင်ကြားပေးလျက်ရှိပါသည်။ ဤဝန်ဆောင်မှုကို ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မွန်ပြည်နယ်တို့တွင် ရှေ့ပြေးဆောင်ရွက်လျက်ရှိပြီး ဆက်လက်တိုးချဲ့ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
    မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သထုံခရိုင်၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter