ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မသန်စွမ်းသူများအား ပံ့ပိုးကူညီခြင်းနှင့် ထောက်ပံ့ခြင်းများ ဆောင်ရွက်

 ရန်ကုန်၊ ၂၇.၄.၂၀၁၉
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် တာဝန်ရှိသူတို့သည် ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမ၌ လူမှုဝန်ထမ်းဦးစီး ဌာနက ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြန်လည်နေရာချထားရေးညွှန်ကြားရေးမှူးချုပ်ရုံးသို့ Wheel Chair (၅၀)စီး လှူဒါန်းသည့် အခမ်းအနားသို့တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက လှူဒါန်းမှုအတွက် အမှာစကားပြောကြားခဲ့ပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Wheel Chair (၅၀)စီးကို ပေးအပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူးချုပ်ရုံးမှ  ဗိုလ်ချုပ်ဝင်းလွင်က လက်ခံရယူပြီး လှူဒါန်းမှုအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြား ပါသည်။
    မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့၊ မြို့တော်ခန်းမတွင် ကျင်းပသော အုတ်ဖိုမြို့နယ်အတွင်း မိခင်ဝိုင်းများနှင့် မသန်စွမ်းသူများ အတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် မိမိတို့တာဝန်ယူထားရသော ရှေးဦးအရွယ်ကလေးသူငယ်ကဏ္ဍကို အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊အရည်အချင်းပြည့်ဝပြီး စွမ်းဆောင်ရည်ရှိသော လူသားအရင်းအမြစ် များသည် အနာဂတ်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ရှေးဦးအရွယ်ကလေးသူငယ်ဘဝကပင် စတင်ပျိုးထောင်ရမည်ဖြစ်ကြောင်း၊ ရှေးဦးအရွယ်ကလေး သူငယ်များနှင့်ပတ်သက်၍ မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက်များ ချမှတ်ပြီး နည်းစနစ်မှန်ကန်သော ပြုစုစောင့်ရှောက်မှုများဖြင့် အကောင်အထည်ဖော်လျက် ရှိပါကြောင်း၊ နိုင်ငံတော်၏ဘတ်ဂျက်ရန်ပုံငွေ အကန့်အသက်ရှိသောကြောင့် မိခင်ဝိုင်းများ၊ မူကြိုကျောင်းများကို တိုးချဲ့ဖွင့်လှစ်ရာတွင် ပုဂ္ဂလိကမူကြိုကျောင်းများနှင့် ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းများဖွင့်လှစ်နိုင်ရန် အစိုးရက နည်းပညာပံ့ပိုးမှုပေးခြင်း၊ အစိုးရနှင့်ပြည်သူလက်တွဲ၍ လူမှုအဖွဲ့အစည်းများ၊ အလှူရှင်များနှင့် ပူးပေါင်းအကောင်အထည်ဖော်လျက်ရှိကြောင်း၊ စနစ်ကျသော ရှေးဦးအရွယ်ကလေးသူငယ်စောင့်ရှောက်ရေး ဆရာဖြစ်သင်တန်းများကို တိုးချဲ့ ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ မိဘများ၊ မိသားစုဝင်များနှင့် ပြည်သူများအားလုံးက သဘောပေါက်နားလည်ပြီး ပါဝင်ဆောင်ရွက်ကြရန်လိုကြောင်း၊ ပုံမှန်ဖွံ့ဖြိုးမှု မရှိသော ကလေးသူငယ်များ၏ အခြေအနေများကို စောလျင်စွာသိရှိပြီး တိုင်းထွာစစ်ဆေးလေ့ကျင့် ပြုစုသင်ကြားပေးခြင်းများပြုလုပ်ပါက မသန်စွမ်းမှုများကို များစွာလျှော့ချနိုင်မည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် မသန်စွမ်းများအတွက် တစ်နိုင်ငံလုံး သာတူညီမျှခံစားရရှိစေရန် ကနဦး ထောက်ပံ့မှုကို ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ကြီးဌာန၏ ဘတ်ဂျတ်ရန်ပုံငွေ ခွဲဝေရရှိမှုအရ တိုင်းဒေသကြီး/ ပြည်နယ်၊ခရိုင်၊မြို့နယ်များအလိုက် မဟာဗျူဟာရေးဆွဲပြီးဖြည့်ဆည်း ဆောင်ရွက် ပေးနေခြင်းဖြစ်ကြောင်း၊ မသန်စွမ်းများအတွက် ထောက်ပံ့မှုပြုရာတွင် မသန်စွမ်းမှုအလိုက် အဆင့်ခွဲခြားပြီးပါက တစ်နိုင်ငံလုံးစနစ်တကျ ဆက်လက်ထောက်ပံ့နိုင်ရန် အစီအစဉ်များလည်း ချမှတ်ထားပါကြောင်းနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ အရပ်ဖက် အဖွဲ့အစည်းများ၊ ပြည်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များက ပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပြောကြားခဲ့ပါသည်။    
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အုတ်ဖိုမြို့နယ်အတွင်းရှိ မသန်စွမ်းသူ (၅၆၄)ဦးအတွက် ထောက်ပံ့ငွေကျပ် (၁၆,၉၂၀,၀၀၀)၊ ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်းများ အတွက် ထောက်ပံ့ငွေကျပ်(၆၀)သိန်းနှင့် မိခင်ဝိုင်းများဖွင့်လှစ်ရန်အတွက် ထောက်ပံ့ငွေကျပ် (၂,၀၂၃,၁၀၀) တို့ကို  ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပါသည်။ ထို့နောက် အခမ်းအနားသို့ ကိုယ်တိုင်တက်ရောက်လာကြသော မသန်စွမ်းသူများအား ထောက်ပံ့ ငွေများကို လက်ဝယ်အရောက် ပေးအပ်ကြပြီး ထောက်ပံ့မှုများအတွက် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
    ယနေ့ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း စုစုပေါင်း ထောက်ပံ့ ငွေကျပ် ( ၂၄,၉၄၃,၁၀၀) ဖြစ်ကြောင်း သတင်းရရှိပါသည်။

FacebookTwitter