မသန်စွမ်းအထူးပညာရေးကျောင်းများဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ
ဒီဇင်ဘာ ၈၊ နေပြည်တော်
မသန်စွမ်းအထူးပညာရေးကျောင်းများဆိုင်ရာ ညှိနှိုင်းအစည်းအဝေးနှင့် ပုဂ္ဂလိကပညာသင် အထူးကျောင်း/ ပုဂ္ဂလိကပြန်လည်ထူထောင်ရေးဌာန တည်ထောင်ခြင်းဆိုင်ရာ စည်းကမ်းချက် များကို ထပ်မံဖြည့်စွက်ဆွေးနွေးခြင်းဆိုင်ရာညှိနှိုင်းအစည်းအဝေးကို လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလလ (၆)ရက်နေ့ မွန်းလွဲပိုင်း က ကျင်းပခဲ့ပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မသန်စွမ်းသူများသည် လူ့အခွင့်အရေးကို အပြည့်အဝခံစားရရှိနိုင်ရန်နှင့် မသန်စွမ်းသူများအား ခွဲခြားဆက်ဆံခြင်း၊ အကြမ်းဖက်မှုများမှ ကာကွယ်ပေးနိုင်ရန်တို့အတွက် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ (၂၀၁၅) ၊ နည်းဥပဒေများ (၂၀၁၇)တို့ကို ပြဋ္ဌဌာန်းထားပြီးဖြစ်ကြောင်းကို အားလုံးသိရှိပြီးဖြစ်ကြောင်း၊ အမျိုးသားကော်မတီကို ဖွဲ့စည်းထားရှိပြီး လုပ်ငန်းအဖွဲ့(၉)ဖွဲ့ဖြင့် ကဏ္ဍဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိကြောင်း၊ မသန်စွမ်းကလေးသူငယ်များ၏အခွင့်အရေးများကို ဖော်ဆောင်ရာတွင် ကာကွယ် စောင့်ရှောက်မှုပေးရန်လည်းလိုအပ်ကြောင်း၊ ထို့ကြောင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကို ၂၀၁၉ ခုနှစ်တွင် ပြဋ္ဌဌာန်းထားပြီးဖြစ်ရာ အားလုံးသိရှိလေ့လာထားရန် လိုအပ်ပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနက မသန်စွမ်းမှု အမျိုးအစားများအလိုက် မျက်မမြင်ကျောင်း (၂)ကျောင်း၊ နားမကြားသောကလေးများကျောင်း (၂)ကျောင်း၊ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း (၂)ကျောင်း၊ မသန်စွမ်းသက်ကြီးသင်တန်းကျောင်း (၁)ကျောင်းနှင့် မသန်စွမ်းကလေးများ ပြုစုစောင့်ရှောက်ရေး ဂေဟာ (၁)ကျောင်းသာ ဖွင့်လှစ်ထားနိုင်ပါကြောင်း၊ ထို့အတွက် မသန်စွမ်းသူများပြုစုစောင့်ရှောက် ရေးကဏ္ဍဍတွင် လုံလောက်မှုမရှိဘဲ ပုဂ္ဂလိက မသန်စွမ်းအထူးပညာရေးကျောင်းများ၏ ကဏ္ဍဍသည် အရေးပါလာပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ ပုဂ္ဂလိကကျောင်း များ၊ ဂေဟာများကို အားပေးပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မသန်စွမ်းဂေဟာ (၁၂)ခုကို နည်းပညာနှင့် ငွေကြေးထောက်ပံ့ပေးလျက်ရှိကြောင်း၊ မသန်စွမ်းသူများအခွင့်အရေးနည်းဥပဒေ (၂၀၁၇)အရ ဖွင့်လှစ်လိုသည့် ပုဂ္ဂလိကပညာသင် အထူးကျောင်း/ ပုဂ္ဂလိက ပြန်လည်ထူထောင်ရေး ဌာနနှင့် ပုဂ္ဂလိကအသက်မွေးမှု အထူးသင်တန်းကျောင်းများသည် တည်ထောင်ခွင့်ပြုမိန့် လျှောက်ထား ဖွင့်လှစ်ရန်ဖြစ်ကြောင်း၊ ပုဂ္ဂလိက မသန်စွမ်းကျောင်းများအတွက် အမျိုးအစားအလိုက် စံ/ စည်းကမ်းသတ်မှတ်ချက်များကို ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့က ညှိနှိုင်းရေးဆွဲလျက်ရှိကြောင်း၊ ယနေ့အစည်းအဝေးတွင် အဆိုပါကိစ္စများကို ဆွေးနွေးကြရန် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးက ပုဂ္ဂလိက မသန်စွမ်းကျောင်းများ အတွက် အမျိုးအစားအလိုက် စံ/ စည်းကမ်းသတ်မှတ်ချက်များကို ထပ်မံဖြည့်စွက် ဆွေးနွေခြင်းနှင့် ပတ်သတ်၍တင်ပြရာ မသန်စွမ်းသူများ၏ အခွင့်အရေးများနည်းဥပဒေ ပုံစံ(၂၂)တွင် စည်းကမ်းချက် (၇)ချက် ပါဝင်ပါကြောင်း၊ ယခုရေးဆွဲလျက်ရှိသည့် စံ/ စည်းကမ်းသတ်မှတ်ချက်များတွင် အဆိုပါ အချက်များအပြင် ထပ်မံဖြည့်စွက်ရန်လိုအပ်သည့်အချက်(မူကြမ်း)များကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသော မြန်မာနိုင်ငံအထူးပညာရေးအသင်း၊ မြန်မာအော်တစ်ဇင်အသင်းနှင့် မြန်မာနိုင်ငံမသန်စွမ်းသူများအဖွဲ့ချုပ်တို့၏ တာဝန်ရှိသူများက ပြင်ဆင်ဖြည့်စွက်လိုသည့်အချက်များကို ပြန်လည်ဆွေးနွေးခဲ့ကြရာ ပြည်ထောင်စုဝန်ကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ ကြောင်း သတင်းရရှိပါသည်။