ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မသန်စွမ်းလူ့အခွင့်အရေး ပူးပေါင်းမြှင့်တင်နိုင်ရေး နယူးဇီလန်နိုင်ငံတွင် ဆွေးနွေး
ဒီဇင်ဘာ ၉ ၊ နယူးဇီလန်
နယူးဇီလန်နိုင်ငံ၊ နိုင်ငံခြားရေးနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန၏ဖိတ်ကြားချက်အရ နယူးဇီလန် နိုင်ငံ၊ ဝယ်လင်တန်မြို့သို့ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် နယူးဇီလန်နိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနတွင် ယနေ့နံ့နက်ပိုင်း၌ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်တို့နှင့်ပတ်သက်၍ လေ့လာဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် လူမှုဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၊ မသန်စွမ်းမှုဆိုင်ရာ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအကူးအပြောင်း အတွက် ကြိုးပမ်းဆောင်ရွက်မှုများ၊ နိုင်ငံသူ၊နိုင်ငံသားတိုင်း၏ လူ့အခွင့်အရေးကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိရာတွင် မသန်စွမ်းသူများ၏အခွင့်အရေးများနှင့်စပ်လျဉ်း၍ တိုးတက် ပြောင်းလဲမှုများ၊ မသန်စွမ်းသူများ၏အခွင့်အရေးဥပဒေ၊ နည်းဉပဒေ ပြဌာန်းဆောင်ရွက်ခြင်း၊ အမျိုးသားကော်မတီနှင့် လုပ်ငန်းကော်မတီတို့ကိုဖွဲ့စည်းပြီး နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်ကော်မတီအဆင့်ဆင့်အပြင် ဆပ်ကော်မတီ(၉)ခု ဖွဲ့စည်းဆောင်ရွက်နေမှု များ၊ အထူးသဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂကော်မတီမှ သုံးသပ် ပေးပို့လာသည့် Concluding Observation တို့ကို နယူးဇီလန်နိုင်ငံအပါအဝင် မိတ်ဖက်နိုင်ငံများနှင့် နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များဖြစ်သည့် မသန်စွမ်းသူများ၏ အခွင့်အရေးများကို အပြည့်အဝရရှိစေရေး ဆောင်ရွက်နိုင်ရေးအတွက် အထောက်အထား အခြေပြုသော မသန်စွမ်းသူများ၏ ပါဝင်ဆောင်ရွက်မှုတို့ကိုအလေးထားသည့် နိုင်ငံတော်အဆင့် မူဝါဒ၊ မဟာ ဗျူဟာ၊ လုပ်ငန်းအစီအစဉ်တို့ကို နိုင်ငံတော်အစိုးရက ဦးဆောင်ရေးဆွဲဆောင်ရွက်ရေး၊ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (UNCRPD)အား ထိထိ ရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာနများက ကဏ္ဍအလိုက် လုပ်ငန်းအစီအစဉ်တို့ကို ချမှတ်ဆောင်ရွက်ရေးနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ရေး၊ မသန်စွမ်းသူများ၏ အလုပ်အကိုင်စွမ်းဆောင်ရည် မြင့်မားစေရေး၊ UNCRPD ကို အကောင် အထည်ဖော်မှုအတွက် လွတ်လပ်သောစောင့်ကြည့်အကဲဖြတ်သည့်အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရေး၊ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရန် အခြေခံကျသည့် လက်လှမ်းမီဝန်ဆောင်မှုများ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး၊ မသန်စွမ်းသူတစ်ဦးချင်းစီ၏ ကိုယ်ပိုင်ယုံကြည်ချက် မြင့်မားလာစေရန် ပံပိုးကူညီမှုပေးနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် Sport New Zealand မှ တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် မသန်စွမ်းမှုအလိုက် ကျန်းမာပျော်ရွှင်စေရန် လေ့ကျင့်ဆောင်ရွက်ပေးရေးနှင့် မသန်စွမ်းအားကစားပြိုင်ပွဲများတွင် ပါဝင် ယှဉ်ပြိုင်နိုင်ရေးအတွက် ပံ့ပိုးကူညီပေးမှုအပါအဝင် မသန်စွမ်းသူများ၏ အားကစားနှင့် အပန်းဖြေ အနားယူခွင့်ရရှိရေးတို့နှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိ ပါသည်။