ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးကို ဆောင်ရွက်နေသည့် အရပ်ဖက်အဖွဲ့အစည်းများနှင့် တွေ့ဆုံ
ကော့သောင်းမြို့၊ ၁၀-၁၂-၂၀၁၉
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ရွှေ့ပြောင်းမှုကြောင့် ထိခိုက်နစ်နာသည့် ကလေးသူငယ် များအား ကာကွယ်စောင့်ရှောက်ရေးပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာရေးထိုးနိုင်ရေး အဆင့်မြင့်အရာရှိအစည်းအဝေးကို (၁၁.၁၂.၂၀၁၉)ရက်နေ့မှ(၁၂.၁၂.၂၀၁၉)ရက်နေ့အထိ ကျင်းပမည် ဖြစ်သောကြောင့် ကော့သောင်းမြို့၌ အရပ်ဖက်အဖွဲ့အစည်းများနှင့် ကြိုတင်တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ကော့သောင်းမြို့ရှိ Victoria Cliff Hotel and Resort ၌ ကျင်းပရာ ပြန်လည်ထူထောင်ရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးဝင်းနိုင်ထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ထိုသို့ပြောကြားရာတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ရွှေ့ပြောင်းမှုကြောင့် ထိခိုက်နစ်နာ သည့် ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနားလည်မှု စာချွန်လွှာမူကြမ်း (MoU) ကို အတည်ပြုရန် ဆွေးနွေးရခြင်းဖြစ်ပါကြောင်း၊ အဖွဲ့အစည်းများမှ အကြံဉာဏ်ကောင်းများ ရရှိရန် မျှော်လင့်ပါကြောင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဉပဒေကို ၂၀၁၉ ခုနှစ်တွင် ထုတ်ပြန်ခဲ့ပြီး ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ (MoU) ရေးထိုးရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအစီအစဉ်များကို EU ရန်ပုံငွေနှင့် UNICEFတို့၏ နည်းပညာအကူအညီဖြင့် ဆောင်ရွက် နေပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံသို့ ရွှေပြောင်းသွားလာသူများကို ၁၉၉၀ ခုနှစ်ကတည်းက တွေ့ရပြီး ယခုအချိန်တွင် မြန်မာရွှေ့ပြောင်း သွားလာသူ လေးသန်းခန့်ရှိပါကြောင်း၊ အဆိုပါရွှေ့ပြောင်း သွားလာသူများမှ မွေးဖွားသည့် ကလေးဉီးရေမှာ သိန်းဂဏန်းနီးပါးရှိပြီး အဆိုပါကလေးများအတွက် ကာကွယ်စောင့်ရှောက်ရန် လိုအပ်ပါကြောင်း၊ ၂၀၀၉ ခုနှစ် မြန်မာ-ထိုင်း လူကုန်ကူးမှုပူးပေါင်း တိုက်ဖျက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးခဲ့ပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗန်းရှင်း(CRC)တွင် လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ဉပဒေတွင်လည်း ကလေးသူငယ်များအပေါ် အကြမ်းဖက်ခြင်း၊ စွန့်ပစ်ကလေးများ၊ မသန်စွမ်းကလေးများအတွက် အကာအကွယ်ပေးရန် ပြဌာန်းထားပါကြောင်း၊ အလားတူ ယခုရေးဆွဲ မည့် (MoU)ကို ၂၀၂၀ ခုနှစ်တွင် လက်မှတ်ရေးထိုးနိုင်ဖို့ မျှော်လင့်ပါကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီများ ရှိ၍ လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူဖြစ် ပါကြောင်း၊ ရှေ့ပြေးစီမံချက်-Pilot Project အဖြစ် Tak ခရိုင် မဲဆောက်မြို့နှင့် မြဝတီမြို့တို့တွင် ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ပါကြောင်း၊ ယခုအရပ်ဖက်အဖွဲ့အစည်းများ အနေဖြင့် ရနောင်းမြို့နှင့်ကော့သောင်းမြို့တို့မှ ကလေးများအတွက် ဆွေးနွေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် လူမှုဝန်ထမ်းဉီးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူးတို့က ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ကြပါသည်။
ဆက်လက်၍ တက်ရောက်လာသူများက ပရဟိတဂေဟာများတွင်လက်ခံထားသည့် ရွှေ့ပြောင်းကလေးများ၏ ပညာရေး၊ ကျန်းမာရေးအခြေအနေများ၊ ထိုင်းနိုင်ငံတွင် မွေးဖွားသော မြန်မာကလေးများအတွက် မွေးစာရင်းထုတ်ပေးသည့် အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြ ပါသည်။
အစည်းအဝေးသို့ လူမှုဝန်ထမ်းဉီးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊ကော့သောင်းမြို့ရှိကလေးသူငယ်အခွင့်အရေး စောင့်ရှောက်ရေး ကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရင်ခွင်မဲ့ကလေးများ လျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ မေတ္တာကြေးမုံလူမှုရေးအသင်း၊ ရွှေတောင်ဉီးပရဟိတဂေဟာ၊ ရွှေ့ပြောင်းအလုပ်သမားများပညာပေး စင်တာ(FED) World Vision နှင့် ကြက်ခြေနီအဖွဲ့များမှ တာဝန်ရှိသူများ အသီးသီး တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိပါသည်။