ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မြန်မာ့လူမှုအကျိုးပြုပရဟိတ (စံပြ) ထူးချွန်ဆု ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်
ရန်ကုန်၊ ၂၉.၂.၂၀၂၀
၂၀၁၉ ခုနှစ်အတွက် မြန်မာ့လူမှုအကျိုးပြုပရဟိတ (စံပြ) ထူးချွန်ဆုပေးအပ်ပွဲ အခမ်းအနား ကို ရန်ကုန်မြို့၊ Myanmar Convention Center တွင် ယနေ့မွန်းလွဲပိုင်း၌ Hope Charity Myanmar Foundation က ဦးဆောင်၍ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌဦးတင်မောင်ထွန်း၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ တက်ရောက်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားကို နိုင်ငံတော်သီချင်းတီးခတ်၍ စတင်ဖွင့်လှစ်ပြီး အယူတော်မင်္ဂလာ အပျိုတော်ယိမ်းအကဖြင့် တင်ဆက်ခဲ့ကြပါသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အတွက် ဗေဒါလမ်း သီချင်းဖြင့် ဂုဏ်ပြုသီဆို၍ တင်ဆက်ခဲ့ပါသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာပြည်အတွက် တစ်သက်တာ အကျိုးပြုမှုများကို အနုပညာရှင်များက ဂုဏ်ပြုချီးကျူးစကားပြောကြားခဲ့ကြပါသည်။
ထို့နောက် Hope Charity Foundation ၏ ၂၀၁၉ ခုနှစ်အတွက် မြန်မာ့လူမှုအကျိုးပြု ပရဟိတ (စံပြ) ထူးချွန်ဆုပေးအပ်ပွဲ အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပေးပို့သည့် အမှာစကားသဝဏ်လွှာ အသံဖိုင်ကို ထုတ်လွှင့်ခဲ့ပါသည်။
ထို့နောက် ဂီတအစည်းအရုံးဥက္ကဌ၊ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ တို့မှ တစ်သက်တာမြန်မာ့လူမှု အကျိုးပြု ပရဟိတ(စံပြ)ဆုကို ပေးအပ်ရာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အမှုဆောင်ညွှန်ကြားရေး မှူး ဦးမိုးဇော်ဦးက လက်ခံရယူခဲ့ပြီး ဦးမိုးဇော်ဦးက အမှတ်တရကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ယနေ့ကျင်းပသည့် အခမ်းအနားတွင် အစိုးရတာဝန်ရှိသူများ၊ လူမှုအဖွဲ့အစည်းများ၊ စာပေ၊ ဂီတ၊ သဘင်၊ ရုပ်ရှင် အဖွဲ့အစည်းများ စုံစုံလင်လင်တက်ရောက်ကြသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် အမှာစကား သဝဏ်လွှာပေးပို့ ပြောကြားခဲ့ပြီးဖြစ်၍ မိမိအနေဖြင့် မုဒိတာစကား ပြောကြားရန်ဖြစ်ပါကြောင်း၊ မုဒိတာဆိုသည်မှာ တစ်ဦး၏အောင်မြင်မှု၊ ကြီးပွားချမ်းသာမှု၊ တိုးတက်မှုတို့ကို တစ်ဦးက ကြည်နူးခြင်း၊ ဝမ်းမြောက်ခြင်း၊ ပီတိဖြစ်ခြင်းတို့ ခံစားရခြင်းဖြစ်ကြောင်း၊ ယခုအခမ်းအနားကြီးတွင် Hope Charity Myanmar Foundation ၏ လူမှုအကျိုးပြု ပရဟိတလုပ်ငန်းများအောင်မြင်မှုကို မြင်တွေ့ရကြောင်း၊ အနုပညာနှင့် ပရဟိတ ပေါင်းစပ်ဆောင်ရွက်မှုဟု မှတ်ယူပါကြောင်း၊ အနုပညာသည်လူတို့၏ နှလုံးသားကို နူးညံ့ပျော့ပျောင်းစေပြီး ကောင်းသော ပုံဖော်မှုကိုပြုနိုင်ပါကြောင်း၊ ပရဟိတသည် လိုအပ်ချက် များကို ဖြည့်ဆည်းပြီး ပိုမိုအောင်မြင်သော လူ့အသိုင်းအဝိုင်းကို ဖြစ်ပေါ်စေပြီး အများအကျိုးပြုသည့် လုပ်ငန်းဖြစ်ကြောင်း၊ Hope Charity Myanmar Foundation သည် နိုင်ငံ၏ အနာဂါတ်အတွက် မေတ္တာအပြည့်ဖြင့် အကောင်းဆုံးမျှော်လင့်ချက်ထားရှိပြီး ကိုယ်ကျိုးမဖက် ကိုယ်ချင်းစာနာစိတ် များဖြင့် ပရဟိတလုပ်ငန်း ဆောင်ရွက်သော အဖွဲ့ဖြစ်ပြီး အနုပညာနှင့် ပေါင်းစပ် သဖြင့် ပိုမိုကောင်းမွန်သော ရလဒ်ကောင်းများကို ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် လူမှုဒုက္ခခံစားနေရ သူများအား ကာကွယ်စောင့်ရှောက်ခြင်း၊ သဘာဝဘေးနှင့် လူ့ကြောင့်ဖြစ်သောဘေးအန္တရာယ် ရင်ဆိုင်နေရသူများကို ကယ်ဆယ် ထောက်ပံ့ခြင်းနှင့် ဒုက္ခများ ခံစားနေရသူများကို ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လိုအပ်ချက်များကို ဖြည့်ဆည်းပေး ခြင်းဖြင့် အားလုံးသာတူညီမျှခံစားရရှိရေး ရည်မှန်းကြိုးစား ဆောင်ရွက်ရကြောင်း၊ မေတ္တာ၊ စေတနာ၊ ကိုယ်ချင်းစာနာမှုများဖြင့် ဆောင်ရွက်ရသောကြောင့် မိမိတို့ဝန်ကြီးဌာန၏ လုပ်ငန်းသည်လည်း ပရဟိတလုပ်ငန်းပင်ဖြစ်ကြောင်း၊ ပြည်သူများအားလုံး တန်းတူ ညီမျှခံစား ရရှိစေရန်မှာ အစိုးရတစ်ခုတည်း ဆောင်ရွက်၍မရဘဲ ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း၊ Hope Charity Myanmar Foundation သည် ပြည်သူထဲက အဖွဲ့အစည်းတစ်ခုဖြစ်၍ ပြည်သူ့အကျိုးအတွက် ပြည်သူများက ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊ ဤသည်မှာ မိမိတို့အားလုံးလျှောက်လှမ်းနေသော ဒီမိုကရေစီလမ်းကြောင်းပင် ဖြစ်ပါကြောင်း၊ Hope Charity Myanmar Foundation သည် လူမှုအကျိုးပြုလုပ်ငန်းများကို အတိုင်းအတာတစ်ခုအထိ လုပ်ဆောင်ခဲ့ပြီး ရှေးဆက်ပြီး မျှော်လင့်ချက်ထားရှိ ဆောင်ရွက်မည်ကို သိရှိရပါကြောင်း၊ ထို့ကြောင့် တခြားလူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရှေးလုပ်ငန်းစဉ်များတွင် ပိုမိုတိုးတက် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့် ယနေ့အခမ်းအနားမှစ၍ ခွန်အားသစ်များ၊ အောင်မြင်မှုများ ဆက်လက်ရရှိပါစေဟု ဆန္ဒပြုပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် Hope Charity Myanmar Foundation ဥက္ကဌ ဦးချစ်ထိုက်က နှုတ်ခွန်းဆက် စကား ပြောကြားခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ၂၀၁၉ခုနှစ်အတွက် မြန်မာ့လူမှုအကျိုးပြုပရဟိတ (စံပြ)ထူးချွန်ဆု ရရှိကြသူ (၁၀)ဦးအား ဆုများပေးအပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဆုရရှိကြ သူများ၊ အခမ်းအနားတက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများက ၂၀၁၉ခုနှစ်အတွက် မြန်မာ့လူမှုအကျိုးပြု အထူးဆုရရှိကြသူများနှင့် ပရဟိတသံတမန်ဆု ရရှိကြသူများအား ဆုများပေး အပ်ခဲ့ကြပြီး ၂၀၁၉ ခုနှစ်အတွက် မြန်မာ့လူမှုအကျိုးပြုပရဟိတ (စံပြ) ထူးချွန်ဆုပေးအပ်ပွဲ အခမ်းအနားဖြစ်မြောက်ရေး ကူညီပေးကြသူများနှင့် မြန်မာပရဟိတ သက်မွေးပညာသင်တန်း ကျောင်းအတွက် လှူဒါန်းကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြ ကြောင်း သတင်းရရှိပါသည်။