COVID 19 ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များ၏ အတွေ့အကြုံ၊ အခက်အခဲများ သိရှိနိုင်ရေး ဆွေးနွေး

နေပြည်တော်၊ ၂၆.၆.၂၀၂၀
    COVID 19 ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီကြပြီး အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့က အသိအမှတ်ပြု ဂုဏ်ပြုလွှာများ ပေးအပ်ခဲ့ပြီး သည့် တိုင်းဒေသကြီး/ ပြည်နယ် (၆) ခုရှိ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များ၏ အတွေ့ အကြုံ၊ အခက်အခဲများ၊ စိတ်ခံစားချက်များကို သိရှိနိုင်ရေးအတွက် အမျိုးသားအဆင့်စေတနာ့ ဝန်ထမ်း ဦးဆောင်အဖွဲ့ အတွင်း‌ရေးမှူး၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက Video Conference ဖြင့် ယနေ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။
    တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက COVID 19 ကာကွယ်၊ ထိန်းချုပ်၊  တုံ့ပြန်ရေး လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအတွက် အသိအမှတ်ပြု ဂုဏ်ပြုလွှာများ ပေးအပ်ခြင်းကို တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ဤကာလတွင် တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း တွေ့ဆုံ၍ အခမ်းအနားဖြင့် ဂုဏ်ပြုနိုင်ခြင်း၊ ညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်၍ မရနိုင်သည့်အတွက် ယခုလို အွန်လိုင်းက တစ်ဆင့် အုပ်စုများခွဲ၍ တွေ့ဆုံဆွေးနွေးရခြင်းဖြစ်ကြောင်း၊ COVID-19 ရောဂါ တုံ့ပြန်ရေးလုပ်ငန်း စဉ်များတွင် ပြည်သူလူထု၏ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ဆောင်ရွက်မှု အားကောင်းလျက်ရှိပါ ကြောင်း၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များသည်လည်း ပြည်သူများပင်ဖြစ်ပါကြောင်း၊ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ပေး ကြသည့် စေတနာ့ဝန်ထမ်းများ၊ ပရဟိအဖွဲ့အစည်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ အားလုံကို ကျေးဇူးတင် အသိအမှတ်ပြုပါကြောင်း၊ ဂုဏ်ပြုလွှာများပေးအပ်နိုင်ရန် စာရင်းများကောက်ယူရာတွင် အရေအတွက် များပြားသောကြောင့် စာရင်းကျန်ရှိခြင်းများရှိပါက လည်း ဂုဏ်ပြုလွှာများ ထပ်မံပေးအပ်သွားမည်ဖြစ်ကြောင်း၊ ယခုလို ကာလအတွင်း၌ Quarantine ဝင်နေရသူများ၊ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေးလုပ်ငန်း ဆောင်ရွက်နေကြ သူများ၊ ပြည်သူများနှင့် ကွပ်ကဲစီမံခန့်ခွဲကြသူများ အားလုံးတွင်  စိတ်ဖိစီးမှုများ ခံစားနေကြရမှာ ဖြစ်ကြောင်း၊ မိမိတစ်ဦးတစ်ယောက်ထဲ ခံစားကြုံတွေ့နေရခြင်း မဟုတ်ကြောင်းကို သိရှိပြီး တစ်ဦး နှင့်တစ်ဦး ကိုယ်ချင်းစာစိတ်၊ မေတ္တာစိတ်များဖြင့် ဆက်ဆံကြပြီး ရင်ဆိုင်ကျော်လွှားကြရမည် ဖြစ်ကြောင်း၊ စိတ်ဖိစီးမှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာန၊ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆရာဝန်အသင်း (စိတ်ကျန်းမာပညာအဖွဲ့) တို့ ပူးပေါင်းပြီး အသိပေးနှိုးဆော်ချက်များ ထုတ်လွှင့်ပေးလျက်ရှိပါကြောင်း၊ COVID-19  ၏ အကျိုးသက်ရောက်မှု များအဖြစ် စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးတို့တွင် ထိခိုက်မှုများ ရှိလာသော်လည်း ကောင်းကျိုး များကို ရှာဖွေကြရမှာဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဤကာလအတွင်း ပြည်သူများ စည်းလုံး ညီညွှတ်မှု ပိုမိုရရှိလာခဲ့ကြပါကြောင်း၊ ယနေ့တွင် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များ၏ အတွေ့အကြုံအခက်အခဲများ၊ စိတ်ခံစားမှုများကို ထုတ်ဖော်ပြောကြား လိုက်ခြင်းဖြင့် စိတ်သက်သာ ရာ အနည်းငယ်ရရှိကြလိမ့်မည်ဟု မျှော်လင့်ကြောင်းနှင့် လိုအပ်သည့် ပံ့ပိုးကူညီမှုများကို ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
    ထို့နောက် နေပြည်တော်ကောင်စီ၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့ရှိ စေတနာ့ဝန်ထမ်းများ၊ ပရဟိတ အဖွဲ့ဝင်များ၊ လူမှုအဖွဲ့အစည်းဝင်များက COVID-19 လုပ်ငန်းစဉ်များ ကူညီဆောင်ရွက်ရာတွင် အတွေ့အကြုံ၊ အခက်အခဲများကို တစ်ဦးချင်း ပြောကြားကြရာ၌ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတ အဖွဲ့များအား သံသယစိတ်ဖြင့် ခွဲခြားဆက်ဆံခံရခြင်း၊ Quarantine Center များရှိ ပြည်ပမှ ပြန်လည်ဝင်ရောက်လာကြသူများက ၎င်းတို့အချင်းချင်း ရောဂါကူးစက်ခံရနိုင်မှုများအတွက် စိုးရိမ် စိတ်များရှိနေခြင်း၊ နယ်စပ်စစ်ဆေးရေးဂိတ်များမှတစ်ဆင့် ပြည်ပမှ ပြန်လည်ဝင်ရောက် လာကြ သူများ များပြားလာသဖြင့် ထိုသူများစစ်ဆေးမှု ခံယူရာတွင် ပေးအပ်ရန် Mask နှင့် သောက်သုံးရေ ပံ့ပိုးပေးစေလိုခြင်း၊ မသန်စွမ်းသူများအတွက် လက်တွန်းလှည်း စီစဉ်ပေးစေလိုခြင်း၊  နှာခေါင်းနှင့် အာခေါင်တို့ဖတ် နမူနာတို့ကို ဆေးရုံနှင့် စစ်ဆေးရန်နေရာများသို့ သယ်ပို့ခြင်းလုပ်ငန်းကို ကြာရှည် ဆောင်ရွက်နေရသော စေတနာ့ဝန်ထမ်းများအား ဖြစ်နိုင်ပါက ဆေးစစ်ပေးစေလိုခြင်း၊ ပြည်ပမှ ပြန်လာသူများကို သက်ဆိုင်ရာ Quarantine Center များသို့ ပို့ဆောင်ရာတွင်လည်ကောင်း၊ သံသယ လူနာများကို ဆေးရုံပြောင်းရွေ့ရာတွင်လည်ကောင်း စေတနာ့ဝန်ထမ်းများအား တစ်ကိုယ်ရည် အကာအကွယ်သုံးပစ္စည်းများကို အသုံးပြုရန် တိကျသော အဆင့်သတ်မှတ်ခြင်းများ ညွှန်ကြားပေး စေလိုခြင်းနှင့် လိုက်နာဆောင်ရွက်နိုင်ရန် ပံ့ပိုးကူညီပေးစေလိုခြင်း၊ Quarantine Center တွင် (၂၁)ရက် အပြည့်နေထိုင်ပြီးသူများ မိမိနေအိမ်တွင် (၇) ရက် ဆက်လက်နေထိုင်ရန် စခန်းမှ အိမ်သို့ တိုက်ရိုက်လုံခြုံစိတ်ချစွာ စီစဉ်စေလွှတ်ပေးစေလိုခြင်း၊ ကျောင်းများပြန်ဖွင့်ရန် စီစဉ်ဆောင်ရွက် လျက်ရှိသဖြင့် လက်ရှိ Quarantine Center ပြန်လည်အပ်နှံရမည့်ဖြစ်၍ အချို့ဒေသများတွင် နေရာ အခက်အခဲများရှိလာခြင်း၊  COVID-19 ကာလကြာရှည်လာသဖြင့် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော သတ်မှတ်စည်းကမ်းများကို လိုက်နာမှု လျော့နည်းလာခြင်း၊ အထူးသဖြင့် Mask အသုံးမပြုခြင်း၊ ခပ်ခွာခွာမနေခြင်းများကို တွေ့ရှိလာရသဖြင့် ကြပ်မတ်ပေးရန် လိုအပ်လျက်ရှိလာခြင်း၊  Quarantine ဝင်ရသူများအတွက် အစားအသောက်ကို အလှူရှင်များဖြင့် စီစဉ်ရန်ခက်ခဲလာခြင်း၊ စေတနာ့ဝန်ထမ်းဆိုင်ရာ သင်တန်းနှင့် ပတ်သက်၍ အကြံပြုခြင်းများကို အသီးသီး ဆွေးနွေး ပြောကြားခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးက  ပြန်လည်ဆွေးနွေးရာတွင် နယ်စပ်ဝင်ပေါက်ဂိတ်များမှ ပြန်လည် ဝင်ရောက်သူများအတွက် အစားအသောက်အခက်အခဲများကို တစ်နိုင်ငံလုံး အတိုင်းအတာနေဖြင့် ပံ့ပိုးကူညီနိုင်ရေး မိမိတို့ဝန်ကြီးဌာနရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ကမ္ဘာ့စားနပ် ရိက္ခာအဖွဲ့ (WFP) တို့ပူးပေါင်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ စေတနာ့ဝန်ထမ်းသင်တန်းများ သည် လက်စွဲစာအုပ်ပါ အချက်များထဲက မရှင်းလင်းသည်များကိုသာ ပြန်လည်ဆွေးနွေးပေးခြင်း၊ တစ်ကိုယ်ရည် အကာအကွယ်ပစ္စည်းများ လက်တွေ့အသုံးပြုပုံကို သင်ကြားပေးခြင်းတို့ကို အချိန်ပိုင်းသင်တန်းအဖြစ်သာ ဆောင်ရွက်ပေးသည့်အတွက် စေတနာ့ဝန်ထမ်းများအနေဖြင့် လက်စွဲ စာအုပ်ကို ကြိုတင်လေ့လာဖတ်ရှုဖို့လိုအပ်မှာဖြစ်ကြောင်း၊  စိတ်ဖိစီးမှုများကြားက ဆောင်ရွက်နေ ကြရခြင်းဖြစ်၍ စိတ်ရှည်သည်းခံမှုများပိုမိုလိုပါကြောင်း၊ အချို့လိုအပ်ချက်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နည် အစိုးရ အဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်းများကို Covid-19 ကိစ္စ များတွင်မကဘဲ သဘာဝဘေးတုံ့ပြန်ရေးလုပ်ငန်းများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ကာကွယ်ဆေးထိုးလုပ်ငန်းများ၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကိုပါ ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်ရေးရည်ရွယ်လျက်ရှိပါကြောင်းနှင့် Covid-19နှင့် ပတ်သက်၍ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက လိုက်နာရန်ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို တစ်ဦး တစ်ယောက်ချင်းက လိုက်နာရန်လိုအပ်ပြီး ပြည်သူများသို့ ထပ်ခါထပ်ခါ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter