ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ပါ ဒေသအလိုက် ဦးစားပေး ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေး

နေပြည်တော်၊ ၅.၉.၂၀၂၀
    မြန်မာနိုင်ငံလူငယ်ရေးရာ မူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်(၂၀၂၀-၂၀၂၄) ပါ ဒေသအလိုက် ဦးစားပေး ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၌ ယမန်နေ့ မွန်းလွဲပိုင်းတွင် Video Conferencing စနစ်ဖြင့်ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံလူငယ်ရေးရာ ကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။
    အဆိုပါ အစည်းအဝေးသို့  ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ လူမှုရေးဝန်ကြီးများ၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီး/ပြည်နယ် လူမှုဝန်ထမ်းဦးစီးမှူးများနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ လူငယ်ရေးရာကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရစတင်တာဝန်ယူသည့် ၂၀၁၆ ခုနှစ်မှာပင် လူငယ်ရေးရာမူဝါဒကို စတင်ရေးဆွဲခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် အတည်ပြုခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ (၂၀၂၀-၂၀၂၄)ကို (၂၀.၈.၂၀၂၀) ရက်နေ့ က ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြုပေးပြီးဖြစ်ပါကြောင်း၊ လူငယ်များ၏ အခွင့်အရေးများ၊ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ အကောင်အထည်ဖော်ရန် လမ်းပွင့်သွားပြီဖြစ်ပါကြောင်း၊ ယနေ့ခေတ် လူငယ်များအနေဖြင့် အတိတ်သမိုင်းကိုသိရှိပြီး ယခုမိမိတို့ကာလအတွင်း အချိန်ကို အကျိုးရှိစွာအသုံးချကာ အနာဂတ်မှာဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ယနေ့လူငယ်များ သည် လွတ်လပ်စွာ ပြောဆို တီထွင် ဖန်တီး လုပ်ဆောင်ခွင့်များ ရရှိကြပြီဖြစ်သော်လည်း တည်ဆဲဥပဒေဘောင်အတွင်း၌သာ ဆောင်ရွက်ကြရကြောင်း၊ ထိုဥပဒေများသည် လူငယ်များ၏ ပါဝင်နိုင်မှုနှင့် သာတူညီမျှအကျိုးခံစားခွင့်ကို လွတ်လပ်လုံခြုံစွာ ဖော်ဆောင်နိုင်ရမည်ဖြစ်ကြောင်း၊ ထိုသို့ခံစားရရှိနိုင်ရန် ပြည်သူ့ဆန္ဒနှင့်ကိုက်ညီပြီး လူတစ်ဦးချင်းစီ၏အခွင့်အရေးကို အာမခံနိုင်သော စစ်မှန်သည့်ဒီမိုကရေစီအစိုးရတစ်ရပ်ကို ဖော်ဆောင်ရန် မိမိတို့ကြိုးပမ်းလျက်ရှိကြောင်း၊ သို့မှသာ မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရေး လိုက်လျော ညီထွေရှိမည့် အခြေခံဥပဒေတစ်ရပ်လည်း ပေါ်ပေါက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ တာဝန်ယူစဉ်ကာလတွင် ဝန်ကြီးဌာနကတာဝန်ယူဆောင်ရွက်ရသည့် လူ့ဘဝစက်ဝန်းတစ်လျှောက် လူတစ်ဦးချင်းစီ၏အခွင့်အရေးကို အာမခံနိုင်သော မူဝါဒ၊ ဥပဒေ၊ မဟာဗျူဟာ၊ လုပ်ငန်းစီမံချက်များ ချမှတ်နိုင်ရန် စဉ်ဆက်မပြတ် ကြိုပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုပေါ်ပေါက်ပြီးဖြစ်သည့် လူငယ်မူဝါဒသည် လူငယ်များ၏ အခွင့်အရေးများကို အပြည့်အဝဖော်ဆောင်ပေးနိုင်မည်ဖြစ်ရာ ထိုမူဝါဒအပေါ် အခြေခံသောမဟာဗျူဟာ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရန် တာဝန်ရှိ လာပြီဖြစ်ကြောင်း၊ ထိုတာဝန်ကို လူငယ်များနှင့်အတူ မူဝါဒပါပေါင်းစပ်ညှိနှိုင်းမှု ယန္တရားအရ အစိုးရဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ရေး ညှိနှိုင်းကြရန် ဖြစ်ကြောင်း၊ ယခုလို COVID-19 ကာလတွင် အဟန့်အတားများရှိသော်လည်း လုပ်ငန်းယန္တရား ရပ်တန့် မသွားအောင် COVID -19 နှင့်ယှဉ်တွဲပြီး ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ လူငယ်များအနေဖြင့်  လူငယ်ဆိုင်ရာကဏ္ဍ (၁၆)ရပ်အနက် အားလုံးသဘောတူပြီး အမြန်ဆုံး အကောင်အထည်ဖော်နိုင်မည့် ဦးစားပေးလုပ်ငန်းစဉ်များကို ရွေးချယ်ပြီးဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ လူမှုရေးဝန်ကြီးများက မိမိတို့ဒေသအလိုက် လူငယ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ရှင်းလင်း တင်ပြခဲ့ကြပါသည်။
ယင်းနောက် မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဝင်လူငယ်များက မဟာဗျူဟာအရ မိမိတို့ဒေသ အလိုက် ဦးစားပေးရွေးချယ်ထားသောကဏ္ဍများ၊ စတင်အကောင်အထည်ဖော်နိုင်ရေးအတွက် ခန့်မှန်းကုန်ကျစရိတ်တွက်ချက်မှုများပါဝင်သော လုပ်ငန်းစီမံချက် (Costed Action Plan) ရေးဆွဲ နိုင်ရေး နှင့်ဒေသအလိုက်အခက်အခဲများကို အသီးသီးတင်ပြဆွေးနွေးခဲ့ကြရာ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက အားလုံးတစ်ပြိုင်တည်း စတင်အကောင်အထည် ဖော် နိုင်မည့်ကဏ္ဍများကို  ပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
ယင်းနောက် ဒုတိယဝန်ကြီးက   COVID - 19 ကာလအတွင်း နေပြည်တောင်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် လူငယ်များပူးပေါင်းဆောင်ရွက်မှု အားကောင်းလာ ပါကြောင်း၊ Costed Action Plan နှင့်ပတ်သက်၍ အသေးစိတ် ထပ်မံဆွေးနွေးမည် ဖြစ်ပါကြောင်း၊ ခရိုင်/မြို့နယ်ကော်မတီများဖွဲ့စည်းနိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးရုံးအနေဖြင့်တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများအား ညှိနှိုင်းအကြောင်းကြားထားပြီးဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါ သည်။
    ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကားပြောကြားရာတွင် ယခု COVID -19 ကာလတွင် ရင်ဆိုင်ရသောအခက်အခဲများကြားက အခွင့်အလမ်းကောင်းများ ပေါ်ပေါက်ခဲ့ကြောင်း၊ လူငယ်အများစုပါဝင်သည့် စေတနာ့ဝန်ထမ်းများကို စုစည်းဆောင်ရွက်နိုင်မှုကြောင့် လူငယ်များနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများအကြား ပိုမိုနီးစပ်စွာပူးပေါင်း ဆောင်ရွက်လာနိုင်ခြင်း၊ အစိုးရဌာနဆိုင်ရာများနှင့် လူငယ်များအကြား အပြန်အလှန်ယုံကြည်မှု ပိုမိုလာခြင်းနှင့် အချို့သော အခက်အခဲရှိသည့် ပြည်နယ်များကို ပိုမိုအားဖြည့် ကူညီပူးပေါင်းလာ နိုင်ရန် အခွင့်အလမ်းများ ပေါ်ပေါက်လာခြင်းတို့ဖြစ်ကြောင်း၊ မဟာဗျူဟာစီမံချက်ပါ အကောင် အထည်ဖော်မည့်ကဏ္ဍများတွင် ဘဏ္ဍာငွေလိုအပ်ချက်ကို သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာန များ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ၏ လျာထားဆောင်ရွက်မှုများကို ညှိနှိုင်းပေးမည်ဖြစ်ကြောင်း၊ လူငယ်ကဏ္ဍနှင့် ဆက်စပ်ဆောင်ရွက်လျက်ရှိသော နိုင်ငံတကာအစိုးရ မဟုတ်သောအဖွဲ့အစည်းများကလည်း ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ကြောင်း ပြောကြားခဲ့ ကြောင်း သတင်းရရှိပါသည်။

FacebookTwitter