ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး လူငယ်ရေးရာမူဝါဒဆိုင်ရာ မဟာဗျူဟာစီမံချက်အရ ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှု လုပ်ငန်းစီမံချက် ရေးဆွဲအကောင်အထည်ဖော်ရေး ညှိနှိုင်းဆွေးနွေး
နေပြည်တော်၊ ၃၀.၉.၂၀၂၀
လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက် (၂၀၂၀ - ၂၀၂၄) အပေါ် ဦးစားပေးလုပ်ငန်းအစီအစဉ်ဖြစ်သည့် ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှုဆိုင်ရာ လုပ်ငန်း စီမံချက်ရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်း၌ Video Conferencing စနစ်ဖြင့် ပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံလူငယ်ရေးရာ ကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးသို့ ဒုတိယဝန်ကြီးဦးစိုးအောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များ၊ လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ရှိသူများနှင့် UNFPA Myanmar မှ ကိုယ်စားလှယ်တို့ တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်(၂၀၂၀ - ၂၀၂၄)အပေါ် ဦးစားပေးကဏ္ဍရွေးချယ်၍ လုပ်ငန်းစီမံချက်ရေးဆွဲရန် ညှိနှိုင်းဆွေးနွေးကြမှာဖြစ်ကြောင်း၊ လူငယ်ရေးရာမူဝါဒကို ပြဋ္ဌာန်းနိုင်ခဲ့ပြီး လူငယ်ရေးရာမူဝါဒ ဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်ကို (၂၀.၈.၂၀၂၀)ရက်နေ့တွင် အတည်ပြုနိုင်ခဲ့ ပါကြောင်း၊ မူဝါဒပါ အဓိကဏ္ဍ(၁၆)ရပ်အနက် ပြည်သူ့နီတိနှင့် နိုင်ငံ့သားကောင်းဖြစ်မှုကဏ္ဍကို ဦးစားပေးအကောင်အထည်ဖော်ရန် ရွေးချယ်ထားရှိပါကြောင်း၊ ယင်းကဏ္ဍတွင် လူ့အခွင့်အရေး၏ တန်ဖိုးများ၊ ဒီမိုကရေစီစံနှုန်းများနှင့် ဖက်ဒရယ်သဘောတရားများကို လူငယ်များနားလည်၊ ကျင့်သုံးနိုင်စေရေး အားပေးမြှင့်တင်ရန်၊ နိုင်ငံ့သားကောင်းလူငယ်များ ဖြစ်လာစေရေးအတွက် လေ့ကျင့်ပျိုးထောင်သည့် အစီအစဉ်များအကောင်အထည်ဖော်ဆောင်ရွက်ရန်၊ လူငယ်များ၏ စေတနာ့ဝန်ထမ်းနှင့် ပရဟိတစိတ်ဓာတ်ဖွံ့ဖြိုးမှုကို မြှင့်တင်ပေးရန်၊ အထောက်အကူပေးရန်နှင့် ဝန်ထမ်းလူငယ်များကို ထိုက်သင့်သောလစာ၊ စွမ်းရည်မြှင့်တင်မှုအစီအစဉ်များနှင့် အကျိုးခံစားခွင့် ရရှိစေပြီးအလုပ်ကို ဂုဏ်ယူမြတ်နိုးစိတ်နှင့်တာဝန်ယူမှု၊တာဝန်ခံမှု၊စိတ်ဓာတ်များ ပျိုးထောင်မြှင့်တင် ပေးခြင်းဖြင့် အဂတိလိုက်စားမှုများကို ဆန့်ကျင်တိုက်ဖျက်ရန်စသော လုပ်ငန်းအစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက် သွားရမှာဖြစ်ကြောင်း၊ လူငယ်များ၏စေတနာ့ဝန်ထမ်းနှင့် ပရဟိတစိတ်ဓါတ်ဖွံ့ဖြိုးမှုသည် လက်ရှိတွင်လည်း အခြေအနေတစ်ရပ်ကိုရရှိနေပြီဖြစ်ပြီး လူငယ်များ အားလုံးပါဝင်လာရန် လိုအပ်နေပါသေးကြောင်း၊ ပံ့ပိုးကူညီမှုများလည်း ပြုရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံလူငယ်ရေးရာ လူငယ်မူဝါဒအရ လူငယ်ဝန်ထမ်းများလည်း အကျုံးဝင်ပါကြောင်း၊ ဝန်ကြီးဌာနများရှိ လူငယ်ဝန်ထမ်များ၏ ရိုးသားမှု၊ ကြိုးစားမှုနှင့် စွမ်းဆောင်ရည်ကို မြှင့်တင်ပေး သကဲ့သို့ တာဝန်ခံမှု၊ တာဝန်ယူမှု စိတ်ဓါတ်များကိုလည်း မြှင့်တင်ပေးခြင်းဖြင့် အဂတိလိုက်စားမှုများ ကို ဆန့်ကျင်တိုက်ဖျက်နိုင်မည်ဖြစ်ကြောင်း၊ ရသင့်သည့်အခွင့်အရေးများကိုလည်း အပြည့်အဝ ရရှိစေရန် လိုအပ်ကြောင်း၊ အနာဂတ်အတွက် အမွေကောင်းများကိုခံယူခြင်း ဆက်လက် လက်ဆင့်ကမ်းပေးနိုင်ခြင်းများ ရရှိရန်ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ယခု COVID-19 ကာလတွင် ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ရသည့်လုပ်ငန်းများကို ကျေပွန်အောင် ထမ်းဆောင်ရမည်ဖြစ်၍ လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် နှောင့်နှေးကြန့်ကြာခြင်း မရှိစေရန် COVID – 19 နှင့်ယှဉ်တွဲပြီး အစီအစဉ်များကို ချမှတ်ထားရှိရန် လိုအပ်ကြောင်း၊ လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် ဆက်စပ်ဝန်ကြီးဌာနများ၊ လူမှုအဖွဲ့အစည်းများ၊ ကုလသမဂ္ဂနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ လူငယ်များအားလုံးနှင့် ပူးပေါင်းဆောင်ရွက် နိုင်ရန် လိုအပ်ကြောင်း၊ ယခုကဲ့သို့ COVID – 19 ရောဂါပြန့်နှံ့မှု ဖြစ်ပွားဆဲကာလတွင် မိမိတို့နေအိမ်မှ ပါဝင် ဆောင်ရွက်နိုင်မည့်အစီအစဉ်များကို ဦးစားပေးဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ရာ နည်းပညာ အပါအဝင် ပူးပေါင်းဆောင်ရွက်ရမည့် လိုအပ်ချက်များနှင့်ပတ်သက်၍ ဆွေးနွေးကြရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ပြည်သူ့နီတိနှင့် နိုင်ငံ့ သားကောင်းဖြစ်မှုကဏ္ဍနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဆက်စပ်ဝန်ကြီး ဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများနှင့် ဘဏ္ဍာငွေလျာထားမှု အခြေအနေများကို တင်ပြဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက ဆွေးနွေးရာတွင် ယနေ့အစည်းအဝေးတွင် လူငယ်ရေးရာ မူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက် ၂၀၂၀-၂၀၂၄ အပေါ် လုပ်ငန်းစီမံချက်ရေး ဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေအရ Online စနစ်ဖြင့် ဆောင်ရွက်ရာတွင် ပိုမိုအကျိုးရှိ ထိရောက်မည့် နည်းလမ်းများဖော်ထုတ်ပြီး သက်ဆိုင်ရာကဏ္ဍ အလိုက် ချိတ်ဆက်ဆောင်ရွက်ရမည့်ဝန်ကြီးဌာန၊အဖွဲ့အစည်းများနှင့်ဆက်လက်ဆွေးနွေးညှိနှိုင်းရန် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် UNFPA Myanmar တာဝန်ရှိ သူများက လူငယ်ရေးရာကော်မတီဝင်များ၊ လူငယ်များနှင့်အတူ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနနှင့်ဆက်စပ်ဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ သက်ဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ဆက်သွယ်ပူးပေါင်း ဆွေးနွေးညှိနှိုင်းမည့်အစီအစဉ်များ၊ အလုပ်ရုံ ဆွေးနွေး ပွဲများ၊ အမေးအဖြေကဏ္ဍများ၊ Application ရေးဆွဲဆောင်ရွက်ထားရှိမှုများနှင့် ဦးစားပေး အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးကြရာ နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုဝန်ကြီးက ဦးစားပေးအစီအစဉ်များအလိုက် အွန်လိုင်းစနစ်ဖြင့် စနစ်တကျ အချိန်ကာလ သတ်မှတ်၍ နှောင့်နှေးကြန့်ကြာခြင်း မရှိဘဲ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။