လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍခွဲ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော်၊ ၈.၁၀.၂၀၂၀
လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍခွဲ၏ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးအား ယနေ့ နံနက် (၉)နာရီတွင် Online စနစ်ဖြင့်ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါ သည်။
ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ Online အစည်းအဝေးအား COVID-19 ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်ပွားသည့်ကာလအတွင်း မိမိတို့ဝန်ကြီးဌာနက ဦးဆောင် အကောင်အထည်ဖော်လျက်ရှိသော လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးအထောက်အပံ့ ပေးရေးအစီအစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့်ပတ်သက်၍ မိတ်ဖက်အဖွဲ့အစည်း များနှင့် မျှဝေဆွေးနွေးသွားလိုခြင်းနှင့် ရေရှည်အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ်များအတွက် ရေရှည်ရန်ပုံငွေရရှိရေးတို့အတွက် မဟာဗျူဟာ တစ်ရပ်ရေးဆွဲသွားနိုင်ရေး ဆွေးနွေးညှိနှိုင်းသွားနိုင် ရန် ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ COVID-19 ကြောင့်ဖြစ်လာမည့် လူမှုစီးပွား အခက်အခဲများ သည် ကာလတစ်ခုအထိ သက်ရောက်မှုရှိနေနိုင်သေးသည့်အတွက် ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ်များအား ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ပုံမှန်ဆောင်ရွက်နေသော လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များသည်လည်း ရေရှည် အကောင်အထည်ဖော်ဆောင်ရွက်သွားရမည့် အစီအစဉ်များဖြစ်သည့် အတွက်ရေရှည်ရန်ပုံငွေ ရရှိရေးသည် အလွန်အရေးကြီးသည့် လုပ်ငန်းဖြစ်ပါကြောင်း၊ ဤလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် မိတ်ဖက်အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုသည်များစွာအရေးပါ ပါကြောင်း ပြောကြားခဲ့ပါသည်။
ယင်းနောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက လူမှု ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအတွက် လူမှုဝန်ထမ်းဦးစီးဌာန၏ နှစ်အလိုက်ရန်ပုံငွေ ရရှိမှုအားလည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးကျော်လင်းထင်က COVID-19 ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်ပွားသည့်ကာလအတွင်း လူမှုဝန်ထမ်းဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက် ခဲ့သည့် ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ်များနှင့် ဆက်လက်ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းများ တင်ပြဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ UNDP နှင့် UNICEF တို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများ အလိုက် တင်ပြဆွေးနွေးခဲ့ကြပြီး အဆိုပါအစည်းအဝေးသို့ ဝန်ကြီးဌာနများ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများနှင့် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိသူများ စုစုပေါင်း (၆၁)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။