ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင်ကျင်းပသည့် (၇၁) ကြိမ်မြောက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးတွင် ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြား

နေပြည်တော်၊ ၅.၁၀.၂၀၂၀
    ကမ္ဘာတစ်ဝှန်းရှိ နေရပ်စွန့်ခွာမှုများ၊ ရွှေ့ပြောင်းသွားလာမှုများနှင့် လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အစိုးရများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ရန် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် နှစ်စဉ်ကျင်းပလေ့ရှိသော ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး၏ (၇၁) ကြိမ်မြောက် အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် အွန်လိုင်းမှ ပါဝင် တက်ရောက်ခဲ့ပါသည်။
     အစည်းအဝေးသို့ UNHCR အမှုဆောင်ကော်မတီအဖွဲ့ဝင်နိုင်ငံများ၊ ကုလသမဂ္ဂအဖွဲ့ဝင် လေ့လာသူနိုင်ငံများ၊ ကုလသမဂ္ဂအဖွဲ့ဝင်မဟုတ်သော လေ့လာသူနိုင်ငံများ၊ လေ့လာသူ အဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ လူကိုယ်တိုင် (သို့မဟုတ်) အွန်လိုင်းမှတဆင့် ပါဝင်တက်ရောက်ကြပါသည်။
    အစည်းအဝေးဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ (၅)ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပခဲ့ရာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး Mr. Fillipo Grandi၊ ကုလသမဂ္ဂအဖွဲ့၏ ကလေးသူငယ်များဆိုင်ရာရန်ပုံငွေအဖွဲ့ (UNICEF) ၏ အမှုဆောင် ဒါရိုက်တာ Ms. Henrietta Fore တို့က အသီးသီးအမှာစကားပြောကြား၍ ဖွင့်ပွဲကို ဖွင့်လှစ်ခဲ့ပါသည်။ ဆက်လက်၍ နိုင်ငံအသီးသီးမှ မိန့်ခွန်းပြောကြားသည့် အစီအစဉ်တွင် ပြည်ထောင်စုဝန်ကြီးက ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြားခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီး၏မိန့်ခွန်းတွင် မိမိတို့မြန်မာနိုင်ငံအနေဖြင့် COVID-19 ကပ်ရောဂါကို ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်း၊ ကုသခြင်းနှင့် တုံ့ပြန်ခြင်းဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မည်သူတစ်ဦးတစ်ယောက်မျှကျန်ရစ်ခြင်းမရှိစေရဟူသောမူအတိုင်း ကာကွယ် တုံ့ပြန်မှုများကို ဆောင်ရွက်နေပါကြောင်း၊ အထူးသဖြင့် နေရပ်စွန့်ခွာသူများ၊ တိုက်ပွဲရှောင်ပြည်သူများ စသည့် ထိခိုက်လွယ်အုပ်စုများ၏အရေးကိုလည်း ဦးစားပေးဆောင်ရွက်နေကြောင်း၊ နေရပ်စွန့်ခွာသူများ ယာယီခိုလှုံရာစခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင်နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာ သူများအား COVID-19 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်နိုင်ရန် အတွက် စီမံချက်ရေးဆွဲ၍ နိုင်ငံတော်မှ ကျပ်ငွေ(၂.၁)ဘီလီယံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြီးခဲ့သည့် သြဂုတ်လလယ်လောက်မှစ၍ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ တွင် ပြည်တွင်းကူးစက်လူနာများ စတင်တွေ့ရှိပြီးနောက်ပိုင်း ကာကွယ်၊ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်မှု လုပ်ငန်းများကို ထပ်မံတိုးမြှင့်ဆောင်ရွက်ခဲ့ကြောင်း၊ ရခိုင်ပြည်နယ် မြို့နယ်(၈)မြို့နယ်ရှိ အသွားအလာကန့်သတ်ထားသော ပြည်သူများအတွက် စားနပ်ရိက္ခာအဆင်ပြေစေရန်အတွက် အစိုးရနှင့် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့တို့ ညှိနှိုင်း၍ ထောက်ပံ့ဆောင်ရွက်ပေးနေကြောင်း၊ ရခိုင်ပြည်နယ်တွင် COVID-19 နှင့်ပတ်သက်သည့်လုပ်ငန်းများ ဆောင်ရွက်နေသလို လူသားချင်း စာနာမှုဆိုင်ရာအကူအညီများ ဆက်လက်ပေးအပ်နေကြောင်း၊ COVID-19 ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း စိတ်လူမှုဆိုင်ရာ အထောက်အပံ့ပေးခြင်း၊ ကျား/မအခြေပြု အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ဖြေရှင်းပေးနိုင်ရန်  ၂၄ နာရီတယ်လီဖုန်းဝန်ဆောင်မှုဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း တို့ကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် လူမှုကာကွယ်စောင့်ရှောက်မှုလုပ်ငန်းများ ကိုလည်း တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ COVID-19 စီးပွားရေးကုစားမှုအစီအစဉ်ဖြင့်ချိတ်ဆက်၍ နေရပ်စွန့်ခွာသူများ ယာယီခိုလှုံရာစခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင်နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအပါအဝင် ကိုယ်ဝန်ဆောင်မိခင်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများကို လူမှုကာကွယ်စောင့်ရှောက်ရေး အထောက်အပံ့များပေးအပ်လျက်ရှိပါကြောင်း၊ COVID-19 ကပ်ရောဂါကြောင့် ကန့်သတ်မှုများရှိနေသော်လည်း ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနှင့်အညီ ပြန်လည်နေရာချထားရေးနှင့် စခန်းပိတ်သိမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်နေကြောင်း၊ သက်ဆိုင်ရာပြည်သူများ၊ နေရပ်စွန့်ခွာသူများ၊ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာအဖွဲ့အစည်းများ စသဖြင့် ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်ဆောင်ရွက်နေသကဲ့သို့ ပြည်တွင်း/ပြည်ပမှ ကျွမ်းကျင်ပညာရှင်များ၊ ပါဝင်ပတ်သက်သူများဖြင့်ဆွေးနွေး၍ ဒေသအလိုက် လုပ်ငန်းစီမံချက်များ ရေးဆွဲနိုင်ရေးကို ဆက်လက်လုပ်ဆောင်နေကြောင်း၊ ထို့အပြင် ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် အလွန်အရေးပါသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုလည်း ဆက်လက် ဆောင်ရွက်လျက်ရှိရာ စတုတ္ထအကြိမ်မြောက် ငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံကိုလည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေး ဆိုင်ရာ အခြေခံမူများ၊ ၂၀၂၀ ကာလအလွန် ရှေ့ဆက်ဆောင်ရွက်မည့်အချက်များအပေါ်သဘောတူညီမှုများ စသည့် အရေးပါသည့် တိုးတက်မှုများရရှိခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် စိန်ခေါ်မှုများစွာ ရှိသော်လည်း ဒီမိုကရေစီစနစ်ပြောင်းလဲရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ လူ့အခွင့်အရေးမြှင့်တင်ရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်၍ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။
    ထို့နောက် နိုင်ငံအလိုက်ပြောကြားချက်များအပေါ် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးဖြစ်သူ Mr. Fillipo Grandi မှ ပြန်လည်ဆွေးနွေးရာ မြန်မာနိုင်ငံနှင့် ပတ်သက်၍ COVID-19 ကာကွယ်၊ထိန်းချုပ်၊ ကုသ၊တုံ့ပြန်ခြင်းလုပ်ငန်းများအတွက် UNHCR မှလည်း ပါဝင်ကူညီ ဆောင်ရွက်နေပါကြောင်း၊ ပြည်တွင်းနေရပ်စွန့်ခွာသူများနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ရန် အစိုးရ၏ဆောင်ရွက်ချက်များကို ကြားသိရပါကြောင်း၊ အဆိုပါသတင်းစကားများမှာ နေရပ်စွန့်ခွာ သူများအတွက် အရေးကြီးပါကြောင်း၊ ပြည်တွင်းနေရပ်စွန့်ခွာ သူများ၏အခြေအနေ တိုးတက် ကောင်းမွန်မှုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရောက်ရှိနေသော နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်စတင်နိုင်ရေးနှင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအပေါ် အကျိုး သက်ရောက်မှုရှိကြောင်း၊ ဆက်လက်၍ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများနှင့်စပ်လျဉ်း၍ အစိုးရ၏ဆောင်ရွက်ချက်များကို နေရပ်စွန့်ခွာသူများထံ ဆက်သွယ်၍ သတင်းစကားပါးနိုင်မည့် နည်းလမ်းများရှာဖွေလုပ်ဆောင်ရန် အစိုးရကို တိုက်တွန်းကြောင်း၊ မကြာမီကျင်းပမည့် အထွေထွေရွေးကောက်ပွဲကိုလည်း လွတ်လပ်၍တရားမျှတပြီး ငြိမ်းချမ်းစွာ ဆောင်ရွက်နိုင်ရန် ဆုမွန်ကောင်းတောင်းပါကြောင်းနှင့် ရွေးကောက်ပွဲအလွန်ကာလတွင် ဒုက္ခသည်များအရေးနှင့် ပတ်သက်၍ ဆက်လက်အားစိုက်ဆောင်ရွက်စေလိုပါကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိ ပါသည်။
    အဆိုပါအစည်းအဝေးကို အောက်တိုဘာလ (၅)ရက်နေ့မှ(၉)ရက်နေ့အထိ ဆက်လက်ကျင်းပ သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

FacebookTwitter