ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး Korea International Cooperation Agency (KOICA) မှ ရခိုင်ပြည်နယ် စစ်တွေ၊ မြောက်ဦးနှင့် ကျောက်ဖြူခရိုင်များရှိနေရပ်စွန့်ခွာသူများ အတွက် လူသုံးကုန်ပစ္စည်းများလှူဒါန်းပွဲ အခမ်းအနား တက်ရောက်

၂၃ အောက်တိုဘာ၊ နေပြည်တော်
    Korea International Cooperation Agency (KOICA) မှ ရခိုင်ပြည်နယ် စစ်တွေ၊ မြောက်ဦး နှင့် ကျောက်ဖြူခရိုင်များရှိ နေရပ်စွန့်ခွာသူများအတွက် လူသုံးကုန်ပစ္စည်းများ လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ရခိုင်ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း၊ UEHRD ကော်မတီ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာ အောင်ထွန်းသက်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
    အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက KOICA မှ မြန်မာနိုင်ငံအစိုးရ၏ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် Hand Sanitizer များ၊ ဆေးစိမ်ခြင်ထောင်များ၊ တာပေါ်လင်များ၊ ပြန်လည်လျှော်ဖွပ်သုံးစွဲနိုင်သော အဝတ်ပါးစပ်နှင့် နှာခေါင်းစည်းများ ခန့်မှန်းတန်ဖိုးအမေရိကန်ဒေါ်လာ (၃၀၀,၀၀၀) လှူဒါန်း ခြင်းကိုအထူးပင် ဝမ်းမြောက်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် မည်သူတစ်ဦး တစ်ယောက်မျှမကျန်ရှိစေရေးအတွက် ပြည်တွင်းနေရပ်စွန့်ခွာသူများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင် မိခင်များ၊ မသန်စွမ်းများအပါအဝင် ပြည်သူများအတွက် COVID - 19 အသိပညာပေးလုပ်ငန်းနှင့် IDP စခန်းများ၊ တိုက်ပွဲရှောင်စခန်းများအတွက် COVID -19 ရောဂါကာကွယ်ရေးပစ္စည်းများ ပံ့ပိုးထောက်ပံ့ခဲ့ပါကြောင်း၊ ထို့အပြင် CERP အစီအစဉ်အရ IDP စခန်းများ၊ တိုက်ပွဲရှောင် စခန်းများတွင် နေထိုင်သူများနှင့် ထိခိုက်လွယ်အုပ်စုများတွင် အထောက်အကူဖြစ်မည့်လုပ်ငန်းများကို ငွေကျပ်(၃၀.၄၄၆)သန်းကျခံဆောင်ရွက်ခဲ့ပါကြောင်း၊ KOICA မှလှူဒါန်းပစ္စည်းများကို နေရပ်စွန့်ခွာသူများလက်ဝယ်သို့ စနစ်တကျဖြန့်ဖြူးနိုင်ရေး ရခိုင်ပြည်နယ်အစိုးရ၊ သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ဆောင်ရွက်ပေးသွား မည်ဖြစ်ပါ ကြောင်း၊ ယခုကဲ့သို့ လှူဒါန်းခြင်းသည် လက်ခံရရှိသူများအနေဖြင့် COVID-19 ရောဂါကာကွယ် တားဆီးရေးလုပ်ငန်းများတွင် သာမက အထွေထွေအသုံးပြုရန်အတွက်ပါ အသုံးဝင်မည်ဖြစ်ပါ ကြောင်းပြောကြားခဲ့ပါသည်။
    ထို့နောက် Korea နိုင်ငံသံအမတ်ကြီး H.E. Mr. Lee Sang-hwa က KOICA အနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာအိမ်ထောင်စု(၈၀၀၀)ကျော်အတွက် လိုအပ်သော လူသုံးကုန်ပစ္စည်းများဖြစ်သော ဆေးစိမ်ခြင်ထောင်များ၊ တာပေါ်လင်များ၊ Face Masks နှင့် Hand Sanitizers များထောက်ပံ့ရခြင်းအတွက် ဝမ်းမြောက်ရပါကြောင်း၊ Korea နိုင်ငံအစိုးရ အနေဖြင့် ODA “Building Trust” initiative အရလှူဒါန်းခြင်းဖြစ်ပါကြောင်း၊ Korea နိုင်ငံသည် COVID-19 ရောဂါ စတင်ဖြစ်ပွားချိန်မှစတင်၍ မြန်မာနိုင်ငံ၏ COVID-19 ရောဂါ  ကြိုတင် ကာကွယ်ရေး၊ ရောဂါရှာဖွေရေးလုပ်ငန်းများတွင် အတူတကွကူညီ ဆောင်ရွက်လျက် ရှိပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
    ယင်းနောက် KOICA မှ Chief Representative က လှူဒါန်းရသည့်       အကြောင်းအရင်း ကို ပြောကြားခဲ့ပြီး လှူဒါန်းပစ္စည်းပေးအပ်လွှာကို တာဝန်ရှိသူအားပေးအပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ် ခဲ့ပါသည်။ ဆက်လက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter