ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာနည်းဥပဒေနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒများရေးဆွဲရေးအတွက် ညှိနှိုင်းဆွေးနွေး

အောက်တိုဘာလ ၂၄ ၊ နေပြည်တော်
          ကလေးသူငယ် အခွင့်အရေးများဆိုင်ရာနည်းဥပဒေနှင့် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာမူဝါဒများ ရေးဆွဲခြင်းလုပ်ငန်းများ အတွက် နည်းဥပဒေရေးဆွဲရေး လုပ်ငန်းအဖွဲ့ဝင်များနှင့် မူဝါဒရေးဆွဲရေးနည်းပညာဆိုင်ရာ လုပ်ငန်းကော်မတီဝင်များအမြင် ချင်းဖလှယ် ညှိနှိုင်းသည့် အစည်းအဝေးကို ယမန်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌  Video Conferencing စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။
          အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ နည်းဥပဒေရေးဆွဲရေးလုပ်ငန်းအဖွဲ့ဝင်များ၊ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး ဆိုင်ရာမူဝါဒရေးဆွဲရေးနည်းပညာဆိုင်ရာ လုပ်ငန်းကော်မတီဝင်များ၊ National Consultant များနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (The United Nations Convention on the Rights of the Child – UNCRC) ကို ၁၉၉၁ခုနှစ်၊ သြဂုတ်လ(၁၅)ရက်နေ့တွင် အဖွဲ့ဝင်အဖြစ် အတည်ပြုပါဝင်ခဲ့ပြီး ဖြစ်ကြောင်း၊  CRC နောက်ဆက်တွဲစာချုပ် ဖြစ်သည့် (Convention on the Rights of the Child on the sale of children, child prostitution and child pornography) နှင့် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၇)ရက်နေ့တွင် ကလေးသူငယ် အခွင့်အရေး များဆိုင်ရာ ကုလသမဂ္ဂစာချုပ်၏ နောက်ဆက်တွဲ စာချုပ်တစ်ခုဖြစ်သည့် လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲအခြေပြစာချုပ် (CRC-OPAC) တွင်လည်း ပါဝင်လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ကလေးသူငယ်ဥပဒေကို CRC ပါ ပြဋ္ဌာန်းချက်များနှင့် ပိုမိုကိုက်ညီမှုရှိစေရန်၊  ခေတ်ကာလအခြေအနေနှင့် လိုက်လျောညီထွေမှု ရှိစေရန်အတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအသစ်ကို ၂၀၁၉ခုနှစ်၊ ဇူလိုင်လ၂၃ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပါကြောင်း၊ ဥပဒေပြဋ္ဌာန်းခဲ့ပြီးဖြစ်သောကြောင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာနည်းဥပဒေ ပေါ်ထွက်လာနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေးသူငယ်အခွင့်အရေးများနှင့် အညီ စနစ်ကျသော မူဝါဒ တစ်ရပ်ရေးဆွဲနိုင်ရန် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒရေးဆွဲရေး လုပ်ငန်းကော်မတီကိုလည်း ဖွဲ့စည်းထားရှိပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒရေးဆွဲရေးအတွက် Unicef Myanmar ၊ Child Frontier အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မူဝါဒကို နိုင်ငံတကာစံနှုန်းများ နှင့်အညီ လက်တွေ့ကျပြီး တိုင်းပြည်၏ လက်ရှိအခြေအနေနှင့်ကိုက်ညီသော အမျိုးသားအဆင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒတစ်ရပ်ဖြစ်စေရေး ရည်ရွယ်ထားပါ ကြောင်း၊ မူဝါဒချမှတ်ပေးသည့်နေရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ခြုံငုံမိအောင် ဆောင်ရွက်နိုင်ရန်၊ အရပ်ဖက်အဖွဲ့အစည်းများပူးပေါင်း၍ ပါဝင်ရန်လိုအပ်ပါကြောင်း၊ ကလေး သူငယ်များကို မြေပြင်၌ အမှန်တကယ်ထိခိုက်စေသောအကြောင်းတရားများဖြစ်သည့် အကြမ်း ဖက်ခြင်း၊ လွဲမှားစွာပြုမူခြင်း၊ လျစ်လျူရှုခြင်း၊ ခေါင်းပုံဖြတ်ခြင်းတို့ကို ကာကွယ်ပေးရန် လိုအပ်ပါကြောင်း၊ ကလေးတိုင်း ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်အပါအဝင် ကျန်အခွင့်အရေး များကို တန်းတူညီတူရရှိနိုင်ရေး အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်နှင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေကို ပိုမိုအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်တို့အတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာနည်းဥပဒေနှင့် ကလေး သူငယ်ကာကွယ် စောင့်ရှောက် ရေးဆိုင်ရာမူဝါဒများကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကလေးသူငယ်များ၏ အခွင့်အရေးများကိုအားလုံးသိရှိရန်နှင့် ကလေးတိုင်းလက်လှမ်းမီ တန်းတူညီတူရရှိနိုင်ရန်အတွက် အစွမ်းကုန်ဆောင်ရွက်လျက်ရှိသလို ကလေးသူငယ်များအား ပိုမိုထိရောက်စွာကာကွယ်စောင့်ရှောက်မှုပေးနိုင်ရန်အတွက် အရေးကြီးပါကြောင်း၊ ထို့ကြောင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ နည်းဥပဒေနှင့် ကလေးသူငယ်ကာကွယ်စောင့် ရှောက်ရေးဆိုင်ရာမူဝါဒများရေးဆွဲခြင်းလုပ်ငန်းရပ်များတွင် အားသာချက်/ အားနည်းချက်များ ကို ဝိုင်းဝန်းပူးပေါင်း၍ ဆွေးနွေးလုပ်ဆောင်ပေးကြပါရန်နှင့် သက်ဆိုင်ရာကဏ္ဍ အလိုက် တက်တက်ကြွကြွပါဝင်ဆွေးနွေးပေးကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။
          ထို့နောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ နည်းဥပဒေရေးဆွဲရေး လုပ်ငန်းအဖွဲ့ နှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒရေးဆွဲရေးနည်း ပညာဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က နည်းဥပဒေ ရေးဆွဲခြင်းလုပ်ငန်းစဉ်များ၊ မူဝါဒရေးဆွဲရေးလုပ်ငန်းစဉ်များနှင့် ကော်မတီဖွဲ့စည်းထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားပါသည်။
          ယင်းနောက် ဘာသာရပ်ဆိုင်ရာညွှန်ကြားရေးမှူးများက ကလေးသူငယ်အခွင့်အရေး များနှင့် ပတ်သက်ပြီး အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ နည်းဥပဒေ(မူကြမ်း)နှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ မူဝါဒရေးဆွဲခြင်း တို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပါသည်။
          ဆက်လက်၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာနည်းဥပဒေရေးဆွဲရေးလုပ်ငန်း အဖွဲ့ဝင်များ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒရေးဆွဲရေး နည်းပညာ ဆိုင်ရာလုပ်ငန်းကော်မတီဝင်များ၊ National Consultant များက သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီး အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter