သက်ကြီးရွယ်အိုများဆိုင်ရာနည်းဥပဒေများ(မူကြမ်း)ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပ

၂၆.၂.၂၀၂၁၊ နေပြည်တော်
    သက်ကြီးရွယ်အိုများဆိုင်ရာနည်းဥပဒေများ(မူကြမ်း) ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ဒီကနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊  ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါသည်။
    ပြည်ထောင်စုဝန်ကြီးက အဖွင့်မိန့်ခွန်းပြောကြားရာတွင် ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီး ဌာနများ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ပြဋ္ဌာန်းပြီးဖြစ်သည့် ဥပဒေ / နည်းဥပဒေများ၊ ပြဋ္ဌာန်းရန် အတွက် ဆောင်ရွက်လျက်ရှိသည့် ဥပဒေ / နည်းဥပဒေ(မူကြမ်း)များကို မိမိအနေဖြင့် လေ့လာနေဆဲ ကာလဖြစ်ပါကြောင်း၊ ယနေ့ရှင်းလင်းတင်ပြမည့် သက်ကြီးရွယ်အိုများဆိုင်ရာ နည်းဥပဒေ (မူကြမ်း)နှင့်ပတ်သက်၍လည်း သက်ဆိုင်ရာဌာနများ၏ သဘောထားမှတ်ချက် ရယူဆောင်ရွက်ခြင်း လုပ်ငန်းစဉ်များပြီးစီးပါက အတည်ပြုနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ပါ ကြောင်း၊ သက်ကြီးရွယ်အိုများအတွက် လိုအပ်သည့် စောင့်ရှောက်မှု့လုပ်ငန်းများ အပြည့်အဝ ရရှိရေး၊ ကိုယ်၊ စိတ် နှလုံး အေးချမ်းစွာ နေထိုင်နိုင်အောင် စောင့်ရှောက်နိုင်ရေး အရေးကြီး ပါကြောင်း၊ မိခင်ဝမ်းတွင်းမှ သက်ကြီးရွယ်အိုအထိ ပြည်သူတို့၏အကျိုးကို ထမ်းရွက်နေသည့် လုပ်ငန်း ဆောင်တာများကို သင်ယူလေ့လာပြီး အကောင်းဆုံး၊ အကျိုးရှိဆုံးဖြစ်အောင် ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
    ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက သက်ကြီးရွယ်အိုများဆိုင်ရာ နည်းဥပဒေ(မူကြမ်း)ရေးဆွဲထားရှိမှုအခြေအနေများ၊ နည်းဥပဒေ(မူကြမ်း) အတည်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဖွဲ့စည်းထားရှိမှု၊ အစည်းအဝေးများကျင်းပဆောင်ရွက်ခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည့်အချက်များ၊ မရှင်းလင်းသည့်အချက်များအား မေးမြန်းဆွေးနွေးခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်များမှ တာဝန်ရှိသူများပါဝင်သည့် ကော်မတီအစည်းအဝေးများ ကျင်းပနိုင်ရေးကိစ္စများ၊ သက်ကြီးရွယ်အို ဆိုင်ရာ ရန်ပုံငွေရရှိရေး ဆောင်ရွက်နိုင်မည့် အခြေအနေများအား ဆွေးနွေးခဲ့ကြကာ အစည်းအဝေး ကို ရုပ်သိမ်းခဲ့ပါသည်။
 

FacebookTwitter