လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်အတွင်းရှိ စမတောင်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်း

နေပြည်တော်          ၉.၄.၂၀၂၁
          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်အတွင်းရှိ လယ်ဝေးမြို့နယ်၊ စမတောင်ပရဟိတဂေဟာသို့ ၂၀၂၀-၂၀၂၁ ခု၊ ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားကို (၉.၄.၂၀၂၁) ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ စမတောင်ပရဟိတဂေဟာ၌ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်နှင့် တာဝန်ရှိသူများက စမတောင်ပရဟိတဂေဟာ ဆရာတော်၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တဉာဏိန္ဒအား ဖူးမြော်ကန်တော့ပြီး ဆရာတော်အားလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် စမတောင် ဆရာတော်၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဉာဏိန္ဒ၏ ဩဝါဒများခံယူတည်ဆောက်ခဲ့ကြပါသည်။
          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နှုတ်ခွန်းဆက်အမှာစကားပြောကြားရာ  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် တစ်နိုင်ငံ လုံးရှိ ကာကွယ်စောင့်ရှောက်ရမည့် အုပ်စုတွေဖြစ်တဲ့ ကလေးသူငယ်၊ အမျိုးသမီး၊ သက်ကြီး ရွယ်အို၊ မသန်စွမ်းတွေအတွက် လူမှုကာကွယ်စောင့်ရှောက်ရေးမူဝါဒများ ချမှတ်ပြီး စောင့်ရှောက် ပေးလျက်ရှိပါကြောင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းအနေဖြင့် ယခုလို စေတနာ့ဝန်ထမ်းလူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများမှ ဖွင့်လှစ်ထားရှိသောလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများအား တည်ထောင်ခွင့်ပြုမိန့်များ ပေးအပ်ခြင်း၊ စောင့်ရှောက်ထားရှိတဲ့ လူဦးရေ အပေါ်မူတည်၍ ဆန်၊ စားစရိတ်၊ ဝတ်စရိတ် နှင့် ဂေဟာမှူးလစာများ ပေးအပ်ခြင်းတို့ကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထောက်ပံ့ပေးအပ်လျက်ရှိပါကြောင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေး များပေးအပ်ရခြင်းမှာ နိုင်ငံတော်ကိုယ်စား ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းတွေကို တစ်ဖက်တစ်လမ်းက ပါဝင်ဆောင်ရွက်ပေးတဲ့အတွက်ကြောင့် ယခုလို လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာတွေကို ထောက်ပံ့ကြေးများ ပေးအပ်ခြင်းအပြင် နည်းစနစ် မှန်ကန်စွာနဲ့ လုပ်ငန်းများလည်ပတ်နိုင်စေရေးအတွက် နည်းပညာအကူအညီများလည်း ပေးအပ်လျက်ရှိပါကြောင်း၊ ကလေးသူငယ်များသည် နိုင်ငံတော်အတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာများဖြစ်ပြီး အနာဂတ်နိုင်ငံတော်ကို ဦးဆောင်ဦးရွက်ပြုသွားရမယ့် လူ့စွမ်းအားအရင်း အမြစ်တွေဖြစ်တာကြောင့် နိုင်ငံတော်အတွင်းမှီတင်းနေထိုင်ကြတဲ့ ကလေးသူငယ်များ အားလုံး ဖွံ့ဖြိုးတိုးတက်မှုများဟန်ချက်ညီစွာဖြင့် ကျန်းမာပျော်ရွှင်တက်ကြွသော လူမှုဘဝ အသီးသီးကို ရရှိခံစားနိုင်စေရေးဟာ နိုင်ငံတော်နဲ့ ပြည်သူတစ်ရပ်လုံးရဲ့ တာဝန်များဖြစ်ပါ ကြောင်း၊   ယနေ့ခေတ်မှာ တိုးတက်လာတဲ့နိုင်ငံရဲ့လူဦးရေနဲ့ ပိုမို များပြား ရှုပ်ထွေးလာတဲ့ လူမှုရေးပြဿနာများကြောင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများဟာ ယခင်ကထက် ပိုမိုပြီး ဆောင်ရွက်ပံ့ပိုးပေးဖို့လိုအပ်လျက်ရှိပြီး မလိုလားအပ်တဲ့ လူမှုရေး ပြဿနာများ၊ အခက်အခဲများကြောင့် ကလေးသူငယ်များဟာ သင်တန်းကျောင်း၊ ဂေဟာများ မှာ နေထိုင်ရမှုတိုးတက်လျက်ရှိပြီး ယင်းစိန်ခေါ်မှုများကို စနစ်တကျ ဖြေရှင်းနိုင်ဖို့အတွက်  သက်ဆိုင်ရာဆက်စပ်ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ ပါဝင်ပြီး ဖြေရှင်းဆောင်ရွက် နိုင်ရန် ချက်ခြင်းချဉ်းကပ်ဆောင်ရွက်ခြင်းနှင့် အချိန်ယူချဉ်းကပ်ဆောင်ရွက်ခြင်းတို့ကိုဆောင်ရွက် သွားဖို့ တိုက်တွန်းလိုပါကြောင်း၊ ပရဟိတဂေဟာများရှိ ပြုစုစောင့်ရှောက်ထားရှိသော ကလေး သူငယ်များအပါအဝင် တစ်နိုင်ငံလုံးရှိ ကလေးသူငယ်များအားလုံး ဖွံ့ဖြိုးတိုးတက်မှုများ ပုံမှန် ရရှိ၍ မြန်မာ့လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်၏ အသီးအပွင့်များကို ရရှိခံစားနိုင်ကြပါစေ ရန် ဆုတောင်းမေတ္တာများ ပို့သအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
           ဆက်လက်ပြီး စမတောင်လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာမှ ဂေဟာမှူးက ဂေဟာ၏ လုပ်ငန်းစဉ်များရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်၊ ထောက်ပံ့ကြေးများအား ဂေဟာမှူးထံသို့ ပေးအပ်ခဲ့ပါသည်။ ထို့နောက် နေပြည်တော်
 ကောင်စီဝင် ဦးမြင့်စိုးက ထောက်ပံ့ကြေးများပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များက ဂေဟာအတွင်းရှိ ကလေးများ စားရိပ်သာနှင့် ချက်ပြုတ်ရန်အတွက် ပြင်ဆင်ထားရှိမှုအခြေအနေများ၊ ဂေဟာ အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ တည်ထောင်ခွင့်ပြုမိန့်ရ ကိုယ့်အားကိုယ်ကိုးမူလတန်းကြို ကျောင်းရှိ ကလေးများ သင်ကြားလေ့ကျင့်ရေးဆောင်ရွက်နေမှုအခြေအနေများ၊ ရင်ခွင်ပိုက် ကလေးငယ်များအား ပြုစုစောင့်ရှောက်ထားရှိမှုအခြေအနေများနှင့် ဂေဟာအတွင်းရှိ အခြေခံ ပညာအလယ်တန်းကျောင်းတို့ကို  လှည့်လည်ကြည့်ရှု၍  ကလေးများအား ရင်းနှီးချစ်ခင်စွာ နှုတ်ဆက်ကာ အရုပ်နှင့် မုန့်များ လက်ဆောင်ပေးအပ်ခဲ့ကြပါသည်။
          ဆက်လက်၍ နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာန (၃)ခုမှ အရာထမ်း၊  အမှုထမ်းများက မြန်မာ့ရိုးရာအတာသင်္ကြန် ကြိုဆိုပွဲအခမ်းအနားအား ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စု ဝန်ကြီးက နှစ်သစ်ကူးဆုတောင်းစကားပြောကြားခြင်း၊ ဝန်ထမ်းများက သင်္ကြန်ရိုးရာ ယိမ်း အကများဖြင့် ကပြဖျော်ဖြေခြင်း၊ ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ဆုငွေ ချီးမြှင့်ခြင်းနှင့် နှစ်သစ်ကူးအတာရေဖြင့် ပက်ဖျန်းဆုတောင်းပေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။
 

FacebookTwitter