လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝန်ကြီးဌာနလက်အောက်ရှိ သင်တန်းကျောင်းများ ဂေဟာများ၊ ဌာနများအားလှည့်လည်ကြည့်ရှုစစ်ဆေး
ရန်ကုန် ၂၅.၅.၂၀၂၁
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည်ဒုတိယဝန်ကြီး၊ဦးအောင်ထွန်းခိုင်၊ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဝင်၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်၊ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် သန်လျင်မြို့နယ်ရှိ သန်လျင်လူငယ်သင်တန်းကျောင်းသို့ ရောက်ရှိကြရာ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် သင်တန်းကျောင်းတာဝန်ခံတို့က အဆိုပါသင်တန်းကျောင်းတွင် ကြိုဆိုနှုတ်ဆက်ကြပါသည်။ ဆက်လက်၍ သင်တန်းကျောင်းတာဝန်ခံက (၁၆-၃-၂၀၁၂)ရက်နေ့မှစ၍ ယခုတည်ရှိသော သန်လျင်မြို့၊ အမှုထမ်းရပ်ကွက်၊ ကျိုက်ခေါက်ဘုရားလမ်းတွင် “သန်လျင်လူငယ်သင်တန်းကျောင်း” ဖွင့်လှစ်ထားရှိမှုအခြေအနေနှင့် ကလေးသူငယ်တရားရုံးများမှ အကျင့်စာရိတ္တပြုပြင်ရန် ရီမန်အဖြစ် ယာယီပို့အပ်သည့်ကလေးသူငယ်များကို ယာယီထိန်းသိမ်းစောင့်ရှောက်ပေးလျက်ရှိပြီး လက်ခံစောင့်ရှောက်နိုင်သည့် ခွင့်ပြုကလေးဦးရေမှာ (၁၅၀)ဦးဖြစ်သော်လည်း လက်ရှိတွင်ကလေးသူငယ် (၄၆၈)ဦးလက်ခံထားရှိမှုအခြေအနေများ၊ သင်တန်းကျောင်းဖွဲ့စည်းပုံအရ ဝန်ထမ်းအင်အား (၅၈)ဦးဖြစ်သော်လည်း လက်ရှိတွင် ဝန်ထမ်း(၂၉)ဦးဖြင့်သာ ဆောင်ရွက်နေရမှု အခြေအနေများနှင့်ပတ်သက်ပြီးရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဝန်ထမ်းအင်အားလိုအပ်ချက်နှင့်ပတ်သက်၍ ခန့်အပ်ပြီးဖြစ်သည့် ဦးစီးဌာနဝန်ထမ်းများ မှ ရနိုင်သမျှအင်အားကို ဖြည့်တင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သင်တန်းကျောင်းလုံခြုံရေးမလစ်ဟင်းစေရန်အတွက် အထူးဂရုပြုဆောင်ရွက်ရန်နှင့်မီးဘေးအန္တရာယ်အပါအဝင် မူးယစ်ဆေးဝါးစသည့်ပြဿနာမဖြစ်ပွားစေရေး တာဝန်ရှိသူအဆင့်ဆင့်ကကြပ်မတ်ဆောင်ရွက်သွားရန် လမ်းညွှန်ခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းကျောင်းအတွင်း သင်တန်းသားများ နေထိုင်စားသောက်မှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းရှိ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်း VTW (ရန်ကုန်)နှင့် ကမာရွတ်မြို့နယ်၊ သံလွင်လမ်းရှိ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနများသို့ ရောက်ရှိခဲ့ကြရာ တာဝန်ရှိသူများက သင်တန်းကျောင်းဌာနများဖွင့်လှစ်ဆောင်ရွက်ခဲ့မှုအခြေအနေ၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်ဖြင့် ရပ်ရွာအတွင်းရှိလူမှုရေးအခက်အခဲနှင့် ကြုံတွေ့နေရသည့် အမျိုးသမီးငယ်များအား လက်ခံစောင့်ရှောက်ကာ အသက်မွေးဝမ်းကျောင်းပညာရပ်များ စနစ်တကျတတ်မြောက်စေရန်နှင့် ကုန်ထုတ်လုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်လာနိုင်စေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အသက်မွေးဝမ်းကြောင်းပညာရပ်များအနေဖြင့် စက်ချုပ်သင်တန်း၊ ဇာထိုးပန်းထိုးသင်တန်း၊ ယက္ကန်းသင်တန်း၊ အလှအပပြုပြင်ပေးမှုဆိုင်ရာဝန်ဆောင်မှုသင်တန်း၊ ဆေးဝါးကျွမ်းကျင်သင်တန်း၊ သူနာပြုအကူသင်တန်းစသည်တို့ကို လေ့ကျင့်သင်ကြားပေးနေမှုအခြေအနေများ၊ သင်တန်းသူများကိုယ်တိုင်ပြုလုပ်ထားသည့် အိမ်တွင်းမှုပစ္စည်းများကို ရောင်းချမည့် အရောင်းဆိုင်ပြန်လည်ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်း(ရန်ကုန်)တွင် အကြမ်းဖက်ခံရသူအမျိုးသမီးများအား တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးသည့်စင်တာ (One Stop Women Support Center- OSWSC)ကို ဖွင့်လှစ်ထားရှိပြီး အကြမ်းဖက်ခံရသူအမျိုးသမီးများအား လက်ခံစောင့်ရှောက်ကာ ကျန်းမာရေးဆိုင်ရာများ၊ တရားရင်ဆိုင်ရန်နှင့် စိတ်လူမှုပိုင်းဆိုင်ရာပံ့ပိုးပေးခြင်းလုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေ များကို လှည့်လည်ကြည့်ရှုကာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ကြပါသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ရွှေပြည်သာမြို့နယ်ရှိ လူငယ်သင်တန်းကျောင်းခွဲ(ရွှေပြည်သာ)သို့ ရောက်ရှိကြပြီး အဆိုပါသင်တန်းကျောင်းခွဲတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကောင်းသုခထွန်းကုမ္ပဏီက တင်ဒါအောင်မြင်ကာဆောက်လုပ်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အရည်အသွေးပြည့်မီစွာဆောက်လုပ်သွားရေး၊ အချိန်မီပြီးစီးရေးနှင့် လုပ်ငန်းအအောင်မြင်စွာဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ လူကုန်ကူးခံရသူများအား ယာယီစောင့်ရှောက်ရေးဂေဟာ(ရွှေပြည်သာ)သို့ ရောက်ရှိကြပြီး ဂေဟာတာဝန်ခံက ဂေဟာစတင် တည်ထောင်ဖွင့်လှစ်ခဲ့မှုအခြေအနေများ၊ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ဖြင့် လူ(၁၀၀)ဦးဆံ့ နှစ်ထပ်အဆောက်အဦပံ့ပိုးပေးခဲ့ကာ တည်ဆောက်ပြီးစီးနေမှုအခြေအနေများနှင့် မြန်မာနိုင်ငံအရပ်ရပ်သို့ပြန်လည်ရောက်ရှိလာသည့် လူကုန်ကူးခံရသူများအနေဖြင့် ၎င်းတို့၏ ဆန္ဒရှိပါက ရန်ကုန်မြို့ရှိ လူကုန်ကူးခံရသူများအား ယာယီစောင့်ရှောက်ရေးဂေဟာ(ရွှေပြည်သာ)တွင် အခြေပြု၍ အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ယူနိုင်ရေးစီစဉ်ထားရှိမှု ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံသားများအနေဖြင့် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံအပြင် အခြားနိုင်ငံများသို့လည်း လူကုန်ကူးခံရသည့် ဖြစ်စဉ်များရှိကြောင်း၊ ထို့အပြင် နယ်စပ်ဒေသများတွင် အခြားနိုင်ငံများမှ မိန်းကလေးအချို့လည်း လူကုန်ကူးခံရခြင်းများရှိပြီး မိမိတို့ဂေဟာများတွင် လက်ခံ စောင့်ရှောက်ထားရှိကာ သက်ဆိုင်ရာသံရုံးများနှင့် ချိတ်ဆက်၍၎င်းတို့၏နိုင်ငံသို့ ပြန်လည်ပို့ဆောင်ရသည့်ဖြစ်စဉ်များရှိကြောင်း၊ လူကုန်ကူးခံရသည့် ဖြစ်စဉ်များတွင်လူမှုရေးပြဿနာများ၊ မိသားစုအခက်အခဲများမှ အစပြုဖြစ်ပွားသည်ကို တွေ့ရှိရပါကြောင်း၊ ၎င်းတို့မူလလူမှုအသိုင်းအဝိုင်းတွင် ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးအတွက် သက်ဆိုင်ရာဌာနအားလုံးနှင့် နီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်ကာ မိမိတို့၏လုပ်ငန်းတာဝန်များ၊ သတ်မှတ်ထားသည့် စံလုပ်ငန်းစဉ်(SOP)နှင့်အညီ တိကျစွာဆောင်ရွက်ပေးသွားရန်လိုအပ်ကြောင်း စသည်ဖြင့်တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။