ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းစီမံချက် (မူကြမ်း) ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကျင်းပ
ဇွန်လ၂၉ ရက်၊ နေပြည်တော်
ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်း( Early Childhood Intervention- ECI ) စီမံချက် (မူကြမ်း) ရှင်းလင်းတင်ပြခြင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနရှိ ဝန်ကြီးရုံး EC အစည်းအဝေးခန်းမ၌ Virtual ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ ညွှန်ကြားရေးမှူးချုပ်၊ဒုတိယညွှန်ကြားရေးမှူးချုပ်၊တိုင်းဒေသကြီး/ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးများနှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံများ တက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးက Covid-19ကြောင့်ခေတ္တရပ်နားခဲ့ရသည့် ECI လုပ်ငန်းပြန်လည်စတင်နိုင်ရေးအတွက်လုပ်ငန်းစီမံချက်မူကြမ်းကိုရေးဆွဲရခြင်းဖြစ်ပါကြောင်း၊ ကလေးများဖွံ့ဖြိုးရန်အတွက်ဉာဏ်ရည်ဖွံ့ဖြိုးမှုအရေးပါသလိုအာဟာရပြည့်ဝရန်လိုအပ်ပါကြောင်း၊ကလေးများတွင် ပုံမှန်ဖွံ့ဖြိုးမှုရှိသောကလေးများရှိသလိုဖွံ့ဖြိုးမှုနှေးသည့်ကလေးများလည်းရှိနိုင်ပါကြောင်း၊ စောစီးစွာ တိုင်းတာစစ်ဆေးမှုများပြုလုပ်ပြီး ပြန်လည်ပြုစုပျိုးထောင်နိုင်ရေးကို အချိန်နှင့်တပြေးညီဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကလေးများ၏ ဖွံ့ဖြိုးမှုများသည် လူ့ဘဝအစရက်(၁၀၀၀)ကာလမှ ကလေးအသက်(၃)နှစ်ခန့်အထိ အလျှင်အမြန်ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်နေပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းတွင် မွေးစမှ(၈)နှစ်အထိ သတ်မှတ်ထားသော်လည်း ECI ဝန်ဆောင်မှုအတွက် စောနိုင်သမျှစောသိလျှင် ပိုကောင်းပါကြောင်း၊ သို့မှသာ မသန်စွမ်းဖြစ်မှုလျှော့ချနိုင်မှာဖြစ်ကြောင်း၊ ECI ဝန်ဆောင်မှုမှာ ကလေးသူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုပင်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်မှတက်ရောက်လာသူများအနေဖြင့်လက်ရှိမြေပြင်အခြေအနေအရဆောင်ရွက်နိုင်မှုအခြေအနေကိုဆွေးနွေးပေးရန်လိုအပ်ပါကြောင်းလမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက် ECCD Resource Center မှဒုတိယညွှန်ကြားရေးမှူးဒေါက်တာနန်းဦးကရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းစီမံချက်(မူကြမ်း)ကိုရှင်းလင်းတင်ပြခဲ့ပြီးတက်ရောက်လာကြသည့် ECI ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နေသည့်တိုင်းဒေသကြီး/ပြည်နယ်များမှဦးစီးမှူးများကလက်ရှိဆောင်ရွက်နိုင်မှုနှင့်တွေ့ကြုံရသည့်အခက်အခဲများကိုတင်ပြခဲ့ပါသည်။
အဆိုပါ တင်ပြချက်များအပေါ်ပြည်ထောင်စုဝန်ကြီးကECIဝန်ဆောင်မှုလုပ်ငန်းများဆက်လက်ဆောင်ရွက်ရာတွင် ပြည်သူလူထုအတွင်း ကလေးသူငယ်များကို စောစီးစွာတိုင်းတာစစ်ဆေးခြင်း (Active Case Detection)နှင့် ဆောင်ရွက်ရသလို ပြည်သူလူထုအတွင်း အထူးသဖြင့် မိဘများအား အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ထားပြီး ၎င်းတို့အနက် လိုအပ်သူများက ဝန်ဆောင်မှုရယူရန် နေရာများကို ဆက်သွယ်လာသည့် ( Passive Case Detection) လည်းရှိပါကြောင်း၊ အဆိုပါနည်းလမ်း(၂)ခုကို ဟန်ချက်ညီဆောင်ရွက်နိုင်ရေး စီမံချက်တွင် ထည့်သွင်းရေးဆွဲရမှာ ဖြစ်ပါကြောင်း၊ ECI Specialist Team တွင်ဆက်စပ်ဌာနများ၊အဖွဲ့အစည်းများဖြင့်တိုးချဲ့ဖွဲ့စည်းစေလိုပါကြောင်း၊လုပ်ငန်းဆောင်ရွက်ချက်အသေးစိတ်ရေးဆွဲရာတွင်အပိုင်း(၂) ပိုင်းခွဲ၍ Phase (1) အနေဖြင့်အသိပညာပေးခြင်းနှင့် online သင်တန်းများပေးစေလိုပါကြောင်း၊ Phase(2) အနေဖြင့်ဖွံ့ဖြိုးမှုနှောင့်နှေးခြင်းနှင့်မသန်စွမ်းမှုအလားအလာရှိသည့်ကလေးများအားမှတ်တမ်းတင်ခြင်း၊လွှဲပြောင်းပေးပို့ခြင်းနှင့်နောက်ဆက်တွဲပြုစုစောင့်ရှောက်ခြင်း ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ECI Task Force သက်ဆိုင်သူများ အားလုံးပါဝင်စေရေးပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ကနဦးစီမံချက်ဝင်မြို့နယ်များဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ရှမ်းတဲကြီးကျေးရွာ၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်နှင့် ချောင်းဦးမြို့နယ်၊ ငါးလုံးတင်ကျေးရွာ၊ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ လိပ်အင်းကျေးရွာနှင့် ပေါင်မြို့နယ်၊ အလှပ်ကျေးရွာ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ရပ်ကွက်(၁)နှင့် ကန်ကြီးထောင့်မြို့နယ်၊ ဒါးကကျေးရွာများ၏ ဆောင်ရွက်ချက်များအပေါ်တွင် သုတေသနဆန်းစစ်ချက်များဆောင်ရွက်ရန်ပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။