မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီညှိနှိုင်းအစည်းအဝေး(၁/၂၀၂၁)ကျင်းပ
၆.၇.၂၀၂၁ နေပြည်တော်
မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီညှိနှိုင်းအစည်းအဝေး (၁/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမ၌ လူကိုယ်တိုင်တက်ရောက်၍လည်းကောင်း၊ Onlineမှတက်ရောက်၍လည်းကောင်း ပုံစံ(၂)မျိုးဖြင့် ပေါင်းစပ်ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင်မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီသည် ၂၀၁၆ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေအရ သက်ကြီးရွယ်အိုဆိုင်ရာအရေးကိစ္စနှင့် ပတ်သက်၍ဖွဲ့စည်းထားသည့် ကော်မတီဖြစ်ပါကြောင်း၊သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများကို ကာကွယ်ရေးနှင့် သက်ကြီးရွယ်အိုများအား ကြည့်ရှုစောင့်ရှောက်ရေးအတွက် မူဝါဒများနှင့် လမ်းညွှန်ချက်များကို ချမှတ်အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်၍ ကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း၊ကော်မတီကို (၃၁.၈.၂၀၁၇)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၆၉/၂၀၁၇)ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၂၁.၃.၂၀၂၁) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၆၄ /၂၀၂၁)ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း၊ကော်မတီသည် ဥပဒေက အပ်နှင်းပေးအပ်ထားသည့် တာဝန်နှင့် ဝတ္တရားများအတိုင်း သက်ကြီးရွယ်အိုများ၏ဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခွင့်အရေးများအား ဖော်ဆောင်ပေးနိုင်ရေးတို့အတွက် အရေးကြီးသည့် အခန်းကဏ္ဍမှ ဦးဆောင်မှုပေးသွားရမှာဖြစ်ကြောင်း၊သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ အခန်း(၈)၊ ဥပဒေပုဒ်မ (၂၅)တွင် ဖော်ပြထားချက်အရသက်ကြီးရွယ်အိုများ ဝင်ငွေပုံမှန်ရရှိရေးအတွက် ရည်ရွယ်၍ လူမှုရေးပင်စင်ထောက်ပံ့မှုအစီအစဉ်အနေဖြင့် ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ်မှစတင်ပြီး တစ်လတွင် တစ်ဦးလျှင် ကျပ် တစ်သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့လျက်ရှိပါကြောင်း၊လက်ရှိလူမှုရေးပင်စင် အကျိုးခံစားခွင့်ရရှိသည့် သက်ကြီးရွယ်အို (၂၄၈,၉၁၁) ဦးရှိပါကြောင်း၊လက်ရှိအခြေအနေများကြောင့် လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူ အဘိုး၊ အဘွားများလက်ဝယ် ထောက်ပံ့ကြေးရောက်ရှိရေးဆောင်ရွက်ရာတွင်အခက်အခဲအချို့ရှိသော်လည်း အဘိုး၊ အဘွားများ၏ အကျိုးစီးပွားအတွက် ဝိုင်းဝန်းညှိနှိုင်းဆွေးနွေး၍ဆက်လက်ဆောင်ရွက်ပေးသွားရမည်ဖြစ်ပါကြောင်း၊လူမှုရေးပင်စင်ထောက်ပံ့မှုအပြင် COVID -19 ဒုတိယလှိုင်းကာလတွင် ထပ်ဆောင်း ထောက်ပံ့ခြင်းအနေဖြင့် သက်ကြီးရွယ်အို(၂၀၀,၃၀၁)ဦးကိုလည်းကောင်း၊CERP အစီအစဉ်ဖြင့် အသက် (၈၀-၈၄)နှစ်နှင့်အထက် ဘိုးဘွား(၂၉၃,၄၅၇)ဦးကိုလည်းကောင်း၊ လူမှုရေးပင်စင် အကျိုးခံစားခွင့်ရရှိသည့် အသက်(၁၀၀)နှစ်နှင့်အထက် သက်ကြီးရွယ်အို (၅,၀၄၈)ဦးကိုလည်းကောင်း၊ ဘိုးဘွားရိပ်သာများရှိ ဘိုးဘွား (၁,၃၀၈)ဦးကို တစ်ဦးလျှင် ကျပ်သုံးသောင်းနှုန်းဖြင့် ထောက်ပံ့ခြင်းတို့ကိုလည်းကောင်း ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ယခုလက်ရှိတွင်လည်း COVID-19 တတိယလှိုင်းစတင်ဝင်ရောက်လာပြီဖြစ်သည့်အတွက်သက်ကြီးရွယ်အိုများအတွက် အသိပညာပေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သွားဖို့ လိုအပ်မည်ဖြစ်ပါကြောင်း၊ နည်းဥပဒေ ထုတ်ပြန်ပြီးပါက သက်ကြီးရွယ်အိုသက်သေခံကတ်ပြားကို ထုတ်ပေးနိုင်ရေး ဆောင်ရွက်သွားရန်ရှိပါကြောင်း၊ အရေးပေါ်ကာလအခြေအနေတွင် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေး စောင့်ရှောက်မှု၊ သက်ကြီးရွယ်အိုများ လူမှုပတ်ဝန်းကျင်အတွင်း ဂုဏ်သိဏ္ခာရှိစွာ ရပ်တည်နိုင်ရေးအတွက် အစည်းအဝေး တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုပါကြောင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ကော်မတီဝင်ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်ကသက်ကြီးရွယ်အိုဥပဒေပါသက်ကြီးရွယ်အိုအခွင့်အရေးများအားထိရောက်စွာအကောင်အထည်ဖော်နိုင်ရေး၊ ရပ်ရွာအတွင်းအိမ်အခြေပြုသက်ကြီးရွယ်အိုများအားပြုစုစောင့်ရှောက်ရေးကဏ္ဍများကိုလည်းကောင်း၊ ပညာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးကသက်ကြီးရွယ်အိုကဏ္ဍနှင့်ပတ်သက်ပြီးဘဝတစ်သက်တာသင်ခန်းစာများတွင်ပါဝင်မှုအခြေအနေ၊ သက်ကြီးရွယ်အိုအခွင့်အရေးများဆိုင်ရာနည်းဥပဒေတွင် ပြင်ဆင်ရန်လိုအပ်ချက်များကိုဆွေးနွေးသွားပါသည်။
ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ကလက်ရှိဆောင်ရွက်လျက်ရှိသောသက်ကြီးရွယ်အိုများဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီးဘာသာရပ်ဆိုင်ရာညွှန်ကြားရေးမှူးကသက်ကြီးရွယ်အိုများနည်းဥပဒေ(မူကြမ်း) ရေးဆွဲပြီးစီးမှုနှင့်ပတ်သက်၍လည်းကောင်းတင်ပြဆွေးနွေးခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဒုတိယဥက္ကဋ္ဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီး၊ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနကြီးမှူး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ကော်မတီဝင်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး၊မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိူသမီးရေးရာအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ သဘာပတိ၊ မြန်မာနိုင်ငံယုဝတီခရစ်ယာန်အသင်းတို့အပါအဝင် မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။