ပြည်ထောင်စုဝန်ကြီးသည်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ပူးပေါင်းဖွင့်လှစ်သည့် စေတနာဝန်ထမ်းများအား COVID -19 ရောဂါအတွက် လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာOnline သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက
၂၁.၇.၂၀၂၁
နိုင်ငံတစ်ဝှမ်းလုံးအတိုင်းအတာဖြင့်နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ စေတနာ့ဝန်ထမ်းများအတွက် COVID-19ရောဂါကာကွယ်၊ထိန်းချုပ်တုံ့ပြန်ရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး လုပ်ငန်းဆိုင်ရာကျွမ်းကျင်မှုသင်တန်းအား Online ဖြင့် (၂၁.၇.၂၀၂၁)ရက်နေ့၊နံနက်(၀၉:၃၀)နာရီအချိန်တွင်ကျင်းပပြုလုပ်ခဲ့ရာလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်၊ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်၊အမြဲတမ်းအတွင်းဝန်နှင့်ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့မှ ဘာသာရပ်ဆိုင်ရာသင်တန်းနည်းပြများ၊သက်ဆိုင်ရာနေပြည်တော်ကောင်စီ၊တိုင်းဒေသကြီး/ ပြည်နယ်များမှစေတနာ့ဝန်ထမ်းများနှင့်ပရဟိတအဖွဲ့အစည်းများမှကိုယ်စားလှယ်များVirtual ဖြင့်တက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးမှအဖွင့်အမှာစကားပြောရာတွင်နိုင်ငံတော်အစိုးရမှတာဝန်ယူဆောင်ရွက်သည့်ဖေဖော်ဝါရီလ(၁)ရက်နေ့မှစ၍ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကိုသတ်မှတ်ကြေငြာပြီးနိုင်ငံတော်စီမံအုပ်ချုပ်ရေးတာဝန်ကိုရယူဆောင်ရွက်ခဲ့ရာ၎င်းရှေ့လုပ်ငန်းစဉ်များအရလတ်တလောဖြစ်ပွားနေဆဲဖြစ်သည့် COVID-19 ကပ်ရောဂါကာကွယ်ရေးလုပ်ငန်းများကိုအရှိန်အဟုန်မပြတ်ထိထိရောက်ရောက်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ယနေ့ကူးစက်ပြန့်ပွားနေသော COVID-19တတိယလှိုင်းသည်ဗိုင်းရပ်မျိုးကွဲသစ်ဖြစ်၍ကူးစက်မှုမြန်ပြီးသေဆုံးမှုများပြားသည်ကိုတွေ့ရပါကြောင်း၊စေတနာ့ဝန်ထမ်းများမှစိတ်ပါဝင်စားစွာဆောင်ရွက်ပေးသည့်အတွက်ကျေးဇူးတင်ရှိပါကြောင်း၊မြို့နယ်အဆင့်စေတနာဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့များအားသက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးများမှဦးဆောင်၍ဖွဲ့စည်းဆောင်ရွက်သွားရန်နှင့်စေတနာ့ဝန်ထမ်းများအတွက်လိုအပ်သောစက်သုံးဆီ၊စားစရိတ်၊ကျန်းမာရေးအကာအကွယ်သုံးပစ္စည်းများအားနိုင်ငံတော်မှပံ့ပိုးပေးသွားရန်ဖြစ်ပါကြောင်း၊ COVID-19တတိယလှိုင်းကာလအတွင်း COVID-19 ရောဂါကာကွယ်၊ထိန်းချုပ်၊တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများတွင်အားဖြည့်ကူညီပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိတဲ့စေတနာ့ဝန်ထမ်းများ၊ပရဟိတအဖွဲ့အစည်းများ၏မြေပြင်ဆောင်ရွက်ပေးနေမှုအခက်အခဲများအားသိရှိနိုင်ရန်နှင့်ပူးပေါင်းဆောင်ရွက်မှုအရှိန်အဟုန်မြှင့်တင်၍လိုအပ်သည်များပံ့ပိုးပေးနိုင်ရန်ရည်ရွယ်ပြီး (၂.၇.၂၀၂၁)ရက်နေ့မှာလတ်တလော COVID-19 ရောဂါအဖြစ်များနေသောတိုင်းဒေသကြီး/ပြည်နယ်(၇)ခုမှစေတနာ့ဝန်ထမ်းများ၊ပရဟိတအဖွဲ့အစည်းများမှကိုယ်စားလှယ်များနှင့် Online တွေ့ဆုံမှုအစီအစဉ်ကိုကျင်းပပြုလုပ်ခဲ့ပါကြောင်း၊အဆိုပါအစည်းအဝေးကိုတက်ရောက်လာကြတဲ့စေတနာ့ဝန်ထမ်းများ၏အကြံပြုဆွေးနွေးတင်ပြချက်များအရယခုလိုစေတနာ့ဝန်ထမ်းများအတွက် လိုအပ်သည့်ကျွမ်းကျင်မှုဆိုင်ရာအသိပညာပေးသင်တန်းကိုဖွင့်လှစ်ရခြင်းပဲဖြစ်ပါကြောင်း၊ယခုသင်တန်းကိုလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့်ပူးပေါင်းပြီးကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏တိကျသောလမ်းညွှန်ချက်များနှင့်အညီဆောင်ရွက်နိုင်ရေးနှင့်ပိုးတွေ့လူနာများ၊သံသယလူနာများ၊ထိစပ်သူများနှင့်ပတ်သက်ပြီးကူညီဆောင်ရွက်ရာတွင်သိရှိလိုက်နာရန်အချက်များအားစုစည်းပြင်ဆင်ထားပြီးသင်တန်းဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊သင်တန်း၏ရည်ရွယ်ချက်များအနေဖြင့်(က) COVID-19 ရောဂါကာကွယ်၊ထိန်းချုပ်ရေးလုပ်ငန်းများကိုဒေသအလိုက်စေတနာ့ဝန်ထမ်းများ၊ပရဟိတအဖွဲ့အစည်းများပါဝင်မှုဖြင့်အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန်၊(ခ) တတိယလှိုင်းကို အောင်မြင်စွာရင်ဆိုင်ကျော်ဖြတ်နိုင်ရန်အတွက် အစိုးရနှင့်ပြည်သူလက်တွဲညီစွာ ဆောင်ရွက်နိုင်ရန်၊(ဂ) နေပြည်တော်ကောင်စီ၊တိုင်းဒေသကြီး/ပြည်နယ်၊မြို့နယ်များအလိုက်စေတနာ့ဝန်ထမ်း Volunteer များနှင့်ပရဟိတအဖွဲ့အစည်းများ၏ အင်အားကို စုစည်းရယူဆောင်ရွက်နိုင်ရန်နှင့် လိုအပ်သည့် ပံ့ပိုးကူညီမှုများပေးနိုင်ရန် အတွက်ဖြစ်ပါကြောင်း ၊ယနေ့သင်တန်းတွင်စေတနာ့ဝန်ထမ်းများ၏အခန်းကဏ္ဍနှင့်လုပ်ငန်းတာဝန်၊ COVID-19 ကပ်ရောဂါနှင့်ပတ်သက်သောသိသင့်သည့်အချက်များ၊ကူးစက်ရောဂါကာကွယ်ရေးနည်းလမ်းများအပါအဝင်ပြောဆိုဆက်သွယ်ခြင်းဆိုင်ရာစွမ်းရည်၊နှစ်သိမ့်ဆွေးနွေးကူညီပေးခြင်းဆိုင်ရာနည်းလမ်းများ၊ထိခိုက်လွယ်အုပ်စုများဖြစ်သည့်ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ၊ကလေးသူငယ်များ၊မသန်စွမ်းသူများ၊နာတာရှည်ရောဂါရှိသူများ၊သက်ကြီးရွယ်အိုများစသည့်အုပ်စုအလိုက်ကူညီစောင့်ရှောက်ခြင်းနှင့်ပတ်သက်သောလိုက်နာရန်များ၊ ရှောင်ရန် ဆောင်ရန်များကို ပို့ချဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊နိဂုံးချုပ်အနေဖြင့်ပြည်သူလူထုအတွင်း COVID - 19 ရောဂါပျံ့နှံ့မှုကိုဖြတ်တောက်နိုင်ရန်နှင့်ထိန်းချုပ်နိုင်ရန်ပြည်သူများကိုယ်တိုင်ပူးပေါင်းဆောင်ရွက်ခြင်းသည်အရေးကြီးသောအခန်းကဏ္ဍတစ်ခုဖြစ်သကဲ့သို့စေတနာ့ဝန်ထမ်းများနှင့်ပရဟိတအဖွဲ့အစည်းများ၏အခန်းကဏ္ဍမှာလည်းအလွန်အရေးကြီးသောကဏ္ဍကြီးဖြစ်ပါကြောင်း၊စေတနာ့ဝန်ထမ်း/ပရဟိတအဖွဲ့အစည်းများ၏ပူးပေါင်းပါဝင်ဆောင်ရွက်မှုကြောင့်ပြည်သူများအတွက်အကူအညီနှင့်အကျိုးဖြစ်ထွန်းမှုများစွားရရှိခဲ့ပါကြောင်း၊ဒုတိယလှိုင်းမှရရှိခဲ့သောအတွေ့အကြုံများအရမြို့နယ်စေတနာ့ဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့ဖွဲ့စည်းနိုင်ရေးနိုင်ငံတော်မှညွှန်ကြားထားပါကြောင်း၊ကျေးရွာတိုင်း၊ရပ်ကွက်တိုင်းအတွက်စေတနာ့ဝန်ထမ်းနှင့်ပရဟိတအဖွဲ့များသည် COVID - 19 ကပ်ရောဂါကာလအတွင်းတန်ဖိုးမဖြတ်နိုင်သောအင်အားစုတစ်ရပ်ဖြစ်ပါကြောင်းနှင့်ဆက်လက်၍ဝိုင်းဝန်းကူညီဆောင်ရွက်ပေးပါရန်နှင့်ပူးပေါင်းပါဝင်သူအားလုံးကိုကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ယခုတတိယလှိုင်းကာလသည် နိုင်ငံတော်အတွက် အရေးကြီးသော အချိန်ဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်းများရဲ့ ပါဝင်ကူညီမှုများအတွက် အထူးကျေးဇူးတင်ပါကြောင်း၊ လတ်တလောတွင် COVID-19 ရောဂါဟာ ပြည်သူများရဲ့ ကျန်းမာရေးနှင့် အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတာဖြစ်တဲ့အတွက် ဘာသာရေး၊ နိုင်ငံရေး၊ လူမျိုးရေး ကွဲပြားမှုများကို ခံစားအလေးပေးရမည့် အချိန်မဟုတ်ဘဲ နိုင်ငံနှင့်လူမျိုးအတွက်အတူပူးပေါင်းဆောင်ရွက်ကြဖို့လိုပါကြောင်း၊ တစ်ချိန်တည်းမှာပင် စေတနာ့ဝန်ထမ်းများကိုယ်တိုင် လုံခြုံရေးအရေးကြီးပါကြောင်း၊ ကိုယ်တိုင် ဦးစွာကျန်းမာ ကြံ့ခိုင်မှ လုပ်ငန်းများဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း၊ယင်းတို့အတွက် သင်တန်းတွင် ဆောင်ရန်၊ရှောင်ရန်၊သတိပြုစရာ၊သတိထားစရာ၊ သိရှိလိုက်နာစရာများ ပို့ချဆွေးနွေးပေးသွားမှာဖြစ်ပြီး နိုင်ငံတော်အတွက် အလိုအပ်ဆုံးအချိန်မှာ ပါဝင်ပေးကြသူများအားလုံးကို ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍သက်ဆိုင်ရာဘာသာရပ်ကျွမ်းကျင်သူများကဘာသာရပ်များအားရှင်းလင်းပို့ချခြင်း၊စေတနာ့ဝန်ထမ်းများနှင့်အပြန်အလှန်ဆွေးနွေးခြင်း၊အသိပညာမျှဝေခြင်းများဆောင်ရွက်ပြီးပြည်ထောင်စုဝန်ကြီးကနိဂုံးချုပ်အမှာစကားအဖြစ်တက်ရောက်ကြသူများအားလုံးနှင့်သင်တန်းပို့ချသူများ၊စီစဉ်ဆောင်ရွက်သူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါကြောင်း၊မြန်မာနိုင်ငံအနေဖြင့်ပထမလှိုင်းနှင့်ဒုတိယလှိုင်းကာလ (၁၄) လတာကိုကျော်ဖြစ်ခဲ့ပြီးယခုတတိယလှိုင်းကြုံတွေ့လာရသည်မှာ(၂)လတာရှိပြီဖြစ်ပါကြောင်း၊ထူးခြားချက်အနေဖြင့်ယခုကြုံတွေ့နေရသည်မှာဗိုင်းရပ်စ်မျိုးကွဲဖြစ်ပြီးကူးစက်မြန်ပါကြောင်း၊လက်ရှိအခြေအနေတွင်လည်းဆရာဝန်များကျန်းမာရေးဝန်ထမ်းများနှင့်စေတနာ့ဝန်ထမ်းတချို့၏ပါဝင်မှုအားနည်းနေသည်များလည်းရှိပါကြောင်း၊သို့ဖြစ်ပါ၍လူထုကျန်းမာရေးအရေးပေါ်အခြေအနေရင်ဆိုင်ကြုံတွေ့နေရချိန်တွင်မိမိတို့၏စေတနာ့ဝန်ထမ်းအပေါင်းအသင်း၊မိတ်ဆွေများကိုအားလုံးပူးပေါင်းပါဝင်ကြဖို့မေတ္တာရပ်ခံပေးနိုင်ပါရန်ပြောကြားလိုပါကြောင်း၊နိုင်ငံတော် အနေဖြင့်လည်းစေတနာ့ဝန်ထမ်းများကိုသင်တန်းများဆောင်ရွက်ပေးခြင်းနှင့်အတူလိုအပ်သည့်ပံ့ပိုးမှုများလည်းပေးနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊တတိယလှိုင်းကိုထိခိုက်မှုအနည်းဆုံးဖြင့်ကျော်လွှားသွားနိုင်ဖို့အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့်ဆက်လက်ပူးပေါင်းပါဝင်သွားကြဖို့မေတ္တာရပ်ခံပါကြောင်းပြောကြားပြီးသင်တန်းကိုမွန်းလွဲပိုင်း (၁၄:၄၅)တွင်ရုပ်သိမ်းခဲ့ပါသည်။ယနေ့ပြုလုပ်သည့်သင်တန်းတွင်နေပြည်တော်ကောင်စီ၊တိုင်းဒေသကြီး/ပြည်နယ်အသီးသီးစေတနာ့ဝန်ထမ်းနှင့်ပရဟိတအဖွဲ့အစည်းများမှကိုယ်စားလှယ်စုစုပေါင်း (၁၈၇) ဦးတက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။