လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ Online ဖြင့် အမျိုး သမီးများအပေါ်အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေ(မူကြမ်း)ညှိနှိုင်းအစည်းအဝေးကျင်းပ

၄.၈.၂၀၂၁၊နေပြည်တော်

               လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနကဦးဆောင်၍ ဆက်စပ်ဌာနဆိုင်ရာများ/အဖွဲ့အစည်းများနှင့်ရေးဆွဲထားရှိသည့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုတားဆီးကာကွယ်ဥပဒေ(မူကြမ်း)အား အတည်ပြု ပြဋ္ဌာန်းနိုင်ရေးအတွက် သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများ၏ သဘောထားမှတ်ချက်များအပေါ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀:၀၀)နာရီတွင် Online ဖြင့်ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီး ၊ အမြဲတမ်းအတွင်းဝန်နှင့် ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွန်ကြားရေးမှူးချုပ်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ  တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြ ပါ သည်။

          ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေနဲ့ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများကို နိုင်ငံကိုယ်စားတာဝန်ယူ၍ အကောင်အထည်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများကို အမျိုးသမီးများအားနည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း၊ ဘေဂျင်းကြေညာစာတမ်းနဲ့ ဘေဂျင်းလုပ်ငန်းစီမံချက်၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်(SDG Goal)များပါလုပ်ငန်းစဉ်များကို အကောင် အထည်ဖော်ဆောင်ခြင်းဖြင့်လည်းကောင်း၊ ဒေသအဆင့်မှာ အာဆီယံအမျိုးသမီး ကော်မတီ(ACW)မှာ ပါဝင်ဆောင်ရွက်ခြင်းဖြင့် လည်းကောင်း  ထိရောက်စွာအကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ကျား၊ မ ရေးရာဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များအဖြစ် ဖော်ဆောင်ရာတွင် အမျိုးသမီးအခွင့်အရေးမြှင့်တင်ဆောင်ရွက်သည့် လုပ်ငန်းအစီအစဉ်များ ရေးဆွဲဆောင်ရွက်ရန်အတွက်  အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ စီမံကိန်း (National Strategic Plan for the Advancement of Women-NSPAW) (၂၀၁၃-၂၀၂၂)ကို ၂၀၁၃ခုနှစ်မှာ အတည်ပြုချမှတ်ခဲ့ပါကြောင်း၊ အဆိုပါစီမံကိန်းအား CEDAW ၊ ဘေဂျင်းကြေညာစာတမ်းနဲ့ ဘေဂျင်းလုပ်ငန်းစီမံချက်တို့ကိုအခြေခံ၍ လုပ်ငန်းဧရိယာ(၁၂)ရပ် ချမှတ်ဆောင်ရွက်ခဲ့တာဖြစ်ပါကြောင်း၊ ဒီလုပ်ငန်းရပ်များကို အရှိန် အဟုန်မြှင့် အကောင်အထည်ဖော်ဆောင်ဖို့အတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဆိုင်ရာ နည်းပညာလုပ်ငန်းအဖွဲ့၊ အမျိုးသမီးများအား နိုင်ငံရေးနှင့် စီးပွားရေးကဏ္ဍများတွင်ပါဝင်ဆောင်ရွက်ခြင်းဆိုင်ရာ နည်းပညာလုပ်ငန်းအဖွဲ့၊ ကဏ္ဍစုံတွင် ကျား၊ မ ရေးရာအား ထည့်သွင်းဆောင်ရွက်ခြင်းဆိုင်ရာ နည်းပညာလုပ်ငန်းအဖွဲ့နဲ့ အမျိုးသမီးများ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ နည်းပညာ လုပ်ငန်းအဖွဲ့ဆိုတဲ့ နည်းပညာလုပ်ငန်းအဖွဲ့(၄)ဖွဲ့ကိုဖွဲ့စည်းထားရှိပြီးသက်ဆိုင်ရာလုပ်ငန်းအဖွဲ့အလိုက် လုပ်ငန်းအစီအစဉ်(Work Plan) များကိုလည်း နှစ်အလိုက်ရေးဆွဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျား၊မရေးရာ၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေး ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း(၂၀၁၃-၂၀၂၂)၊ အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်း ဆိုင်ရာအသိပညာပေးမှုများ၊ အကြမ်းဖက်ခံရသူများ ဥပဒေဖြင့်အကာအကွယ်ရရှိရေး ဆောင် ရွက်ရမည့် လုပ်ငန်းစဉ်များအား ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပညာပေးမှုများကို သက်ဆိုင်ရာအစိုးရဌာန/ အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ CEDAW ကွန်ဗင်းရှင်းအပိုဒ် ၂ အရ အမျိုးသမီးများအား ခွဲခြားမှုဖြစ်စေမည့် တည်ဆဲဥပဒေများ၊ စည်းမျဉ်းဥပဒေများ၊ ဓလေ့ထုံးစံများနှင့် အမူအကျင့်များကို ပြောင်းလဲရေး အတွက် ဥပဒေပြုရေးအပါအဝင် သင့်လျော်သည့်နည်းလမ်းများနဲ့ ဆောင်ရွက်သွားရန် တာဝန်ရှိသည်နှင့်အညီ အမျိုးသမီးများကို အကြမ်း ဖက်မှု မှ တားဆီး ကာကွယ်ရေးအတွက် ဥပဒေများ အတိအကျပြဌာန်း ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ကျား၊ မ တန်းတူညီမျှရေးနှင့် စွမ်းပကားတိုးမြှင့်ရန်အတွက် အကြမ်းဖက်မှုများကိုလည်း လျော့ချဖို့လိုအပ်သလို အကြမ်းဖက်ခံရသည့် အမျိုးသမီးများအပေါ် ဥပဒေကြောင်းအရ ကာကွယ်စောင့်ရှောက်ပေးဖို့လည်း မဖြစ်မနေလိုအပ်လျက်ရှိပါကြောင်း။ ခေတ်ကာလတိုးတက်ပြောင်းလဲမှုနှင့်အညီ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများမှာလည်း ယခင်အခြေအနေများနှင့်မတူညီဘဲ အသစ်အဆန်းများကြုံတွေ့နေရသဖြင့် ယင်းတို့ အားဥပဒေဖြင့် အကာအကွယ်ပေးရာတွင် လက်ရှိပြဌာန်းပြီးဖြစ်သည့်ဥပဒေများနှင့် လုံလောက်သည့် အကာအကွယ်များမပေးနိုင်၍ အကြမ်းဖက်ခံရသော အမျိုးသမီးများအားထိရောက်စွာ အကာအကွယ်ပေးနိုင်မည့် သီးသန့်ဥပဒေတစ်ခုလိုအပ်ပါကြောင်း ဒါကြောင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဥပဒေ ပြဋ္ဌာန်းနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးက ပြောကြားရာတွင် ယခုဥပဒေဖြစ်ပေါ်လာရခြင်းမှာ အမျိုးသမီးများနှင့်ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး ဆန်းစစ်မှုများပြုလုပ်ရာမှာ အမျိုးသမီးငယ်ရွယ်တွေကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပြုလုပ်တဲ့ ဖြစ်ရပ်တွေ ရာခိုင်နှုန်းများလာတာတွေ့ရှိရပြီး အဓမ္မပြုကျင့်ရာတွင် လူသားမဆန်တဲ့ပုံစံတွေ တွေ့ရှိလာပါကြောင်း၊ အဆိုပါ အမှုအခင်းများနှင့်ပတ်သက်၍ ရာဇသတ်ကြီးရှိထားသော်လည်း အမျိုးသမီးများအပေါ်အကြမ်းဖက်မှုများအတွက် လုံလောက်သည့်အကာအကွယ်ပေးနိုင်ရေးအတွက် ရည်ရွယ်၍ ဤဥပဒေအား ရေးဆွဲခဲ့ခြင်းဖြစ်ပါကြောင်း၊ ဒီဥပဒေထွက်ရှိလာပါက မိသားစုအတွင်း၊ရပ်ရွာအဖွဲ့အစည်းအတွင်းသာယာဝပြောသည့် လူမှုအဖွဲ့အစည်းဖြစ်လာမှာဖြစ်သည့်အတွက် အဆိုပါဥပဒေအား မဖြစ်မနေပြဌာန်းဘို့ လိုအပ်ပါကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဥပဒေ(မူကြမ်း)တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုသည်မှာ “ အမျိုးသမီးဖြစ်ခြင်းအပေါ် အခြေခံ၍ ခွဲခြားဆက်ဆံပြီး ခြိမ်းခြောက်၍သော်၎င်း၊ ရာဇဝတ်မကင်းသော အနိုင်အထက်ပြုမှုဖြင့်သော်၎င်း၊ ထိခိုက်နစ်နာမှုဖြစ်စေသည့် ရပ်ရွာလူမှုအလေ့အထများကျင့်သုံးခြင်းဖြင့်သော်၎င်း၊ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာ အသုံးပြု၍သော်၎င်း၊ အခြားတစ်နည်းနည်းဖြင့်၎င်း၊ ကျူးလွန်သည့်ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု(သို့မဟုတ်) စီးပွားရေးဆိုင်ရာ အကြမ်းဖက်မှုတစ်ခုခုကိုဆိုသည်” ဟု အဓိပ္ပါယ်ဖွင့်ဆိုထားပါကြောင်း ဆွေးနွေးပြောကြားပါသည်။

          ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများမှ ပေးပို့လာသည့် သဘောထားမှတ်များပေါ် ဆွေးနွေးမှုအခြေအနေများတင်ပြခြင်းနှင့် သက်ဆိုင်ရာတာဝန်ခံမှ ပုဒ်မတစ်ခုခြင်းစီအလိုက် ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့ မှ ဆွေးနွေးလမ်းညွှန်မှုများပြုလုပ်ခဲ့ကာ  အစည်းအဝေးအား နေ့လည်(၁၃:၂၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

FacebookTwitter