မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၁) ကျင်းပနိုင်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၅) ရက်၊ နေပြည်တော်

          မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၁) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဝန်ကြီးဌာန၏ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်ပတ်သက်သော ကြိုတင်ညိှနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမတွင် အွန်လိုင်းစနစ်ဖြင့်ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ယနေ့ကျင်းပပြုလုပ်သော အစည်းအဝေးသည် အစိုးရ၏မသန်စွမ်းသူများအတွက် ဆောင်ရွက်နေသောလုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆောင်ရွက်ရန်ကျန်အခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့် အခြေအနေများနှင့်ပတ်သက်၍ ဝန်ကြီးဌာန၏ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြိုတင်ညှိနှိုင်းခြင်းဖြစ်ပြီး တက်ရောက်လာကြသူများကလည်း အကြံပြုဆွေးနွေးပေးစေလိုပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ပထမလှိုင်းနှင့် ဒုတိယလှိုင်းများတွင် ဝန်ကြီးဌာနအနေဖြင့် မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများ၊  ကျန်းမာရေးသုံးအကာအကွယ်ပစ္စည်းများနှင့် အခြေခံစားသောက်ကုန်များထောက်ပံ့ပေးနိုင်ခဲ့ပြီး ယခုတတိယလှိုင်းကာလတွင်လည်း ဆက်လက်ထောက်ပံ့မှုများဆောင်ရွက်ပေးနေသော်လည်း မသန်စွမ်းသူများအတွက် လိုအပ်ချက်များ ပိုမိုဖြစ်ပေါ်နေသည်ကို ကြားသိရပါကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း မသန်စွမ်းသူများ ရောဂါဖြစ်ပွားပါက ရောဂါခံစားရသူနှင့် ၎င်း၏မိသားစုများကို ထောက်ပံ့မှုပေးနိုင်ရေးအစီအမံများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း လိုအပ်ချက်များကို ဖြည့်ဆည်းထောက်ပံ့ပေးနိုင်ရန်အတွက် မသန်စွမ်းသူများနှင့် ဆက်စပ်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပရဟိတအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ မသန်စွမ်းသက်ငယ်သင်တန်းကျောင်းများမှ သင်တန်းသားများနှင့် မိဘများပါဝင်သော ညှိနှိုင်းအစည်းအဝေးကိုလည်း အွန်လိုင်းစနစ်ဖြင့်ကျင်းပပြီး လိုအပ်ချက်များကို တင်ပြဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ အစိုးရ၏ လူသားချင်းစာနာထောက်ထားမှုအစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မသန်စွမ်းသူများကို ချန်လှပ်ထားခြင်း၊ လျစ်လျူရှုထားခြင်းမပြုဘဲ တန်းတူခံစားရရှိနိုင်ရေးအတွက် ပိုမိုအလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အစိုးရ၊ ပြည်သူ၊ ပရဟိတအဖွဲ့အစည်းများ ၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများနှင့် မသန်စွမ်းသူများနှင့် သက်ဆိုင်သောအဖွဲ့အစည်းများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် ထိရောက်သောထောက်ပံ့ခြင်းနှင့် ပိုမိုကောင်းမွန်သော ရလာဒ်များကို ဖြစ်ပေါ်စေမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က အစည်းအဝေးဆုံးဖြတ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် ဝန်ကြီးဌာနများ၊ ဦးစီးဌာနများနှင့်ဆက်စပ်အဖွဲ့အစည်းများက ကဏ္ဍအလိုက်အလေးထားဆောင်ရွက်ခြင်းဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီကို အထောက်အကူပြုစေမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း မသန်စွမ်းသူများအတွက် ပိုမိုကောင်းမွန်သည့်အစီအစဉ်များကို သီးခြားဆောင်ရွက်ပေးနိုင်ပါက ဆောင်ရွက်ပေးကြစေလိုပါကြောင်းနှင့် မသန်စွမ်းသူများနှင့် ဆက်စပ်သည့်အဖွဲ့အစည်းများနှင့် အဆက်အသွယ်များရယူကာ လိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်ရေး အလေးထား ဆောင်ရွက်ပေးကြပါရန် ပြောကြားခဲ့ပါသည်။

          ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ထိခိုက်လွယ်အုပ်စုများဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးစွမ်းရည်ရက မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး (၂/၂၀၂၀) ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းက ဖြည့်စွက်ရှင်းလင်း တင်ပြခြင်း၊ တက်ရောက်လာကြသူများမှ ဖြည့်စွက်အကြံပြုညှိနှိုင်းတင်ပြခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မသန်စွမ်းသူများ၏အခွင့်အရေး ဥပဒေ (၂၀၁၅) အတည်ပြုပြဋ္ဌာန်း ပြီးနောက်ပိုင်း မသန်စွမ်းသူများ၏ အခွင့်အရေးနှင့်  လိုအပ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရာတွင် ကဏ္ဍအလိုက် တိုးတက်အောင်မြင်မှုများရရှိဖြစ်ပေါ်ခဲ့ပါကြောင်း၊ အစည်းအဝေးဆုံးဖြတ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် တာဝန်ယူဆောင်ရွက်ကြသည့် ဝန်ကြီးဌာနများ၊ ဦးစီးဌာနများနှင့် ဆက်စပ်အဖွဲ့အစည်းများ၏ လုပ်ငန်း ဆောင်ရွက်ချက်များကို ပြည်သူ၊ ပရဟိတအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများက ပူးပေါင်းပါဝင်ခြင်းဖြင့် နိုင်ငံနှင့်ပြည်သူ ပိုမိုအကျိုးဖြစ်ထွန်းစေပြီး အစိုးရနှင့်ပြည်သူ ချစ်ကြည်လေးစားမှုကိုလည်း ရရှိစေမည်ဖြစ်ပါကြောင်းနှင့် မသန်စွမ်းသူများ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းဆောင်ရွက်ချက် အစီအစဉ်များကို အတူတကွပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter