ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ်များ အကောင်အထည်ဖော်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
၉-၈-၂၀၂၁၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ယူအကောင်အထည်ဖော်လျက်ရှိသော လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ်များ အကောင်အထည်ဖော်ရေးနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက်ပိုင်းက Zoom Applicationစနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
အဖွင့်အမှာစကားပြောကြားရာ၌ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာ ဗျူဟာစီမံချက်အား ၂၀၁၄ခုနှစ်၊ ဒီဇင်ဘာလက အတည်ပြုထုတ်ပြန်ခဲ့ပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် မဟာဗျူဟာစီမံချက်ပါ ငွေကြေးအထောက်အပံ့ပေးရေး လုပ်ငန်းအစီအစဉ်များအနက် လူမှုရေးပင်စင်အစီအစဉ်နှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ် (MCCT) အစီအစဉ်(၂)ရပ်အား ပုံမှန်အစီအစဉ်များအနေဖြင့် အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ယခုကဲ့သို့သော ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေသည့်အချိန်ကာလ၌ ငွေကြေးအထောက်အပံ့များဟာ အကျိုးခံစားခွင့်ရှိသူများအတွက် များစွာအထောက်အကူဖြစ်ပါကြောင်း၊ ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ်များအား ကပ်ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း အကောင်အထည်ဖော်ရာတွင် ရောဂါကူးစက်မှု မဖြစ်ပွားစေရေးအတွက် အထူးဂရုပြုဆောင်ရွက်သွားဖို့လိုအပ်ကြောင်း၊ မြေပြင်တွင် ထောက်ပံ့ကြေးပေးအပ်မှုများဆောင်ရွက်ရာ၌ ထိတွေ့မှုအနည်းဆုံးဖြစ်စေရေးအတွက် အီလက်ထရောနစ်စနစ်ကိုအခြေခံသည့် ငွေကြေးလွှဲပြောင်းမှုအား အဓိကထားဆောင်ရွက်သင့်ကြောင်း၊ ယခင် ဘဏ္ဍာရေးနှစ်ဖြစ်တဲ့ ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်မှာလည်း ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး MCCT အစီအစဉ်များအကောင်အထည်ဖော်ရာတွင် ငွေကြေးလွှဲပြောင်းမှုဆိုင်ရာ ဝန်ဆောင်မှုပေးတဲ့အဖွဲ့များထံ လုပ်ငန်းအပ်နှံပြီး အီလက်ထရောနစ်နည်းလမ်းဖြင့် ငွေကြေးလွှဲပြောင်းခြင်းကို စတင်စမ်းသပ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုဘဏ္ဍာရေးနှစ်မှာလည်း ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာ၌ ငွေကြေးလွှဲပြောင်းမှု ဝန်ဆောင်မှုပေးသည့်အဖွဲ့များထံ လုပ်ငန်းအပ်နှံဆောင်ရွက်သွားဖို့ ပြင်ဆင်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါ သည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ငွေကြေးလွှဲပြောင်းမှုဝန်ဆောင်မှုပေးသည့်အဖွဲ့များထံ လုပ်ငန်းအပ်နှံဆောင်ရွက်သွားနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရမည့်ကိစ္စရပ်များအား ဖြည့်စွက်ပြောကြားခဲ့ပြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာညွှန်ကြားရေးမှူးများက လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် အီလက်ထရောနစ်စနစ်ကိုအခြေခံသည့် ငွေကြေးလွှဲပြောင်းမှုသို့ ပြောင်းလဲဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိသည့်အချက်များအား တင်ပြဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား မွန်းလွဲ (၁:၀၀)နာရီတွင် အဆုံးသတ်ခဲ့ပါသည်။