ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ(၂၀၁၉)အား ပြန်လည်သုံးသပ်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပ

၁၁-၈-၂၀၂၁၊ 

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ(၂၀၁၉)အား ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို အမှန်တကယ်ဖော်ဆောင်နိုင်ရေးနှင့် နိုင်ငံတကာစနစ်များနှင့်လျော်ညီစွာ၊ မိမိတို့နိုင်ငံလက်တွေ့အခြေအနေများနှင့် ကိုက်ညီမှုရှိစေရေး ပြန်လည်သုံးသပ်ခြင်းညှိနှိုင်းအစည်းအဝေးအား ၂၀၂၁ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် Video Conferencing ဖြင့်ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကိုရှေးရှု၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေပါအခန်းများအား သုံးသပ်နိုင် ရေး တွေ့ဆုံ‌ဆွေးနွေးရခြင်းဖြစ်ပါကြောင်း၊ လက်ရှိဖြစ်ပေါ်နေသော လူမှုစီးပွားရေးအခြေအနေပေါ်မူတည်၍ ကလေးသူငယ်များအပေါ် ခေါင်းပုံဖြတ်ခြင်း၊ အလွဲသုံးစားပြုလုပ်ခြင်းများရှိနေပါသောကြောင့် ကလေးသူငယ်များအား ပိုမိုကာကွယ်စောင့်ရှောက်ပေးနိုင်ရန် လိုအပ်ပါသဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအား ပြန်လည်သုံးသပ်ရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအား ပြန်လည်သုံးသပ်ဆွေးနွေးရာတွင် ကလေးသူငယ်များ၏ အခွင့်အရေးများကို ပိုမိုအလေးထားဆောင်ရွက်ရန်အတွက် ပြန်လည်သုံးသပ်လိုသည့် အချက်များအား ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကလေးသူငယ်များအား အလွဲသုံးခြင်း၊ အကြမ်းဖက်ခြင်း၊ လျစ်လျူရှုခြင်း၊ ခေါင်းပုံဖြတ်ခြင်းများမှ ပိုမိုကာကွယ်နိုင်ရန်အတွက် သက်ဆိုင်ရာအခန်းကဏ္ဍများအလိုက် ဘာသာရပ်ဆိုင်ရာတာဝန်ရှိသူ၊ မြေပြင်အမှန်တကယ် ဆောင်ရွက်နေသူများအနေဖြင့် အသေးစိတ်သုံးသပ်ဖော်ထုတ်သွားပါရန်နှင့် ဥပဒေတွင်သတ်မှတ်ချက်များကို တိကျစွာထည့်သွင်းဆောင်ရွက်သွားရမည်ဖြစ်သလို၊ လိုအပ်အသေးစိတ်တာဝန်နှင့် စည်းကမ်းသတ်မှတ် ချက်များအား ဆက်လက်ရေးဆွဲ ဆောင်ရွက်မည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာနည်းဥပဒေတွင် ထည့်သွင်းဆောင်ရွက်သွားဖို့လိုမည်ဖြစ်ပါကြောင်း၊ ဘာသာရပ်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် စဉ်ဆက်မပြတ် ဆွေးနွေးဆောင်ရွက်သွားဖို့လိုမည်ဖြစ်ပါကြောင်း  ပြော ကြားခဲ့ပါသည်။

ဆက်လက်ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဘာသာရပ်ဆိုင်ရာတာဝန်ရှိသူက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအား ပြန်လည်သုံးသပ်ရေးအတွက် လုပ်ငန်းအဖွဲ့အား (၁၆) ဦးဖြင့်ဖွဲ့စည်းပြီး  ဆွေးနွေးဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ဥပဒေ၏ ပြန်လည်သုံးသပ်ရန် လိုအပ်သည့် သက်ဆိုင်ရာအခန်းများ၊ ပုဒ်မများအလိုက် တွေ့ရှိချက်များနှင့် လျာထားပြင်ဆင်ရန်အချက်များကို သုံးသပ်တင်ပြ၍ ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာသူများမှ ရှင်းလင်းတင်ပြချက်များအပေါ် ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြပြီး၊ နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကလေးသူများ၏အခွင့်အရေးကို ဖော်ဆောင်ရသည့်ဌာနဖြစ်သည့်အားလျော်စွာ ကလေးသူငယ်၏ အခွင့်အရေးများကို တတ်နိုင်သမျှအကောင်းဆုံး ဖော်ဆောင်နိုင်ရေး၊ ဥပဒေဖြင့် အကာအကွယ်ဥပဒေပေးနိုင်ရေး အလေးပေးဆောင်ရွက်ရမှာဖြစ်သလို ဥပဒေပိုင်းဆိုင်ရာ အမြင်ရှုဒေါင့်များကိုလည်း မျက်ခြေအပြတ်စေရေးနှင့်  ပြည်တွင်းအခြေအနေနှင့် ရေရှည်ကိုက်ညီဆီလျော်မှုရှိစေရေးကိုပါ အလေးပေးသုံးသပ်ရမည့်အချက်များ၊ ဥပဒေပိုမိုထိရောက်ကောင်းမွန်စေရေးအတွက် ထည့်သွင်းစဉ်းစားဆောင်ရွက်သင့်သည်များကို မှတ်ချက်ပြုဆွေးနွေးပြောကြားခဲ့ပြီး အစည်းအဝေးအား (၁၂:၄၅)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

FacebookTwitter