စေတနာ့ဝန်ထမ်းများအားစုစည်းခြင်း၊ လေ့ကျင့် ခြင်းနှင့်အသိအမှတ်ပြုခြင်းလုပ်ငန်းစဉ်များခိုင်မာအားကောင်းစေရေးအတွက် နိုင်ငံတကာနှင့် အာဆီယံဒေသတွင်းနိုင်ငံများ၏စေတနာ့ဝန်ထမ်းအစီအစဉ်များ၊ မူဝါဒ၊ ဥပဒေများ ရှင်းလင်းတင်ပြခြင်း
၅-၁-၂ဝ၂၂
နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ဝန်ကြီးရုံး အစည်းအဝေးခန်းမတွင်ပြုလုပ်သည့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်သွားမည့် စေတနာ့ဝန်ထမ်းရှေ့ပြေး လုပ်ငန်းအစီအစဉ်များအကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် စေတနာ့ဝန်ထမ်းများအားစုစည်းခြင်း၊ လေ့ကျင့်ခြင်းနှင့်အသိအမှတ်ပြုခြင်းလုပ်ငန်းစဉ်များ ခိုင်မာအားကောင်းစေရေးအတွက် နိုင်ငံတကာနှင့်အာဆီယံဒေသတွင်းနိုင်ငံများ၏စေတနာ့ဝန်ထမ်းအစီအစဉ်များ၊ မူဝါဒ၊ ဥပဒေများ ရှင်းလင်း တင်ပြခြင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနရှိ ဦးစီးဌာန(၃)ခု၏ လုပ်ငန်းများအားလုံးသည် Volunteer များ၏လုပ်ငန်းသဘောသဘာဝနှင့်ဆက်စပ်နေကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့်လည်း ယခုကိုဗစ်ရောဂါဖြစ်ပွားစဉ်ကာလမှစတင်၍ Volunteer များနှင့် စတင်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ Volunteer Pilot Programme ကိုဆောင်ရွက်ခြင်းဖြင့် ဌာနအနေဖြင့်လည်း ပြည်သူကိုဝန်ဆောင်မှုပိုမိုပေးဆောင်နိုင်ပြီး လုပ်ငန်းများအောင်မြင်မှာဖြစ် ကြောင်း၊ နိုင်ငံတကာ၏ Volunteer ဥပဒေများ၊ လုပ်ဆောင်ချက်များကို လေ့လာပြီး၊ မိမိတို့နိုင်ငံနှင့်သင့်လျော်သည့် မူဝါဒ၊ မဟာဗျူဟာ၊ ဥပဒေများကို ရေးဆွဲပြဋ္ဌာန်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
အစည်းအဝေးတွင် ဘာသာရပ်ဆိုင်ရာ ညွှန်ကြားရေးမှူးမှ ဦးစီးဌာနမှ လမ်းပေါ်နေ ကလေးများ လျော့နည်းပပျောက်ရေးစီးမံချက်တွင် ပူးပေါင်းပါဝင် ဆောင်ရွက်မည့် စေတနာ့ဝန်ထမ်းခေါ်ယူမည့်အစီအစဉ်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း(၂)ကျောင်း၊ မသန်စွမ်းကလေးများပြုစုစောင့်ရှောက်ရေးဂေဟာနှင့် မသန်စွမ်းသက် ကြီးသင်တန်းကျောင်းတို့တွင် သက်ဆိုင်ရာ ဘာသာရပ်ကျွမ်းကျင်မှုများအလိုက် စေတနာ့ဝန်ထမ်းများအားကာလတို(သို့မဟုတ်)အချိန်ပိုင်း ခေါ်ယူဆောင်ရွက်သွားမည့်ရှေ့ပြေးလုပ်ငန်း အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ရှေ့ပြေးစီမံချက်များ အချိန်မီအောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဦးစီးဌာနများမှ ကိုယ်စားလှယ်များဖြင့် Core Team အဖွဲ့ဖွဲ့စည်းပြီး၊ ပေါင်းစပ်ကူညီဆောင်ရွက်ရန်နှင့် ယခုဆွေးနွေးတင်ပြသည့် Volunteer Pilot Programme များနည်းတူ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်များ၊ အမျိုးသားသဘာဝဘေးတုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းစဉ်များနှင့် ကလေးသူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများနှင့် (ရွှေ့ပြောင်းသွားလာသူများ၊ လူကုန်ကူးခံရသူများ၊ မူးယစ်ဆေးစွဲသူများ၊ တိုက်ပွဲရှောင်များ၊ ယာယီခိုလှုံရာစခန်းတွင် နေထိုင်သူများ)စသည့် ထိခိုက်လွယ်အုပ်စုများအတွက် လိုအပ်သည့်ကာကွယ်စောင့်ရှောက်မှုများပေးခြင်း၊ ကူညီထောက်ပံ့မှုများပေးခြင်းနှင့် အခွင့်အရေးများ ဖော်ဆောင်ပေးခြင်း လုပ်ငန်းနယ်ပယ်များတွင် စေတနာ့ဝန်ထမ်းများ၏ ပူးပေါင်းဆောင်ရွက်မှုများ တစ်စုတစ်စည်းဖြစ်စေရေးနှင့် အထူးသဖြင့် လူငယ်စေတနာ့ဝန်ထမ်းအစီအစဉ်များအား ပေးမြှင့်တင်ဆောင်ရွက်သွားနိုင်ရေးဆောင်ရွက်ရန်လိုကြောင်း မှာကြားခဲ့ပါသည်။