မသန်စွမ်းကလေးများလေ့ကျင့်သင်ကြားပေးသော ဆရာ၊ ဆရာမများ စွမ်းဆောင်ရည်မြှင့်သင်တန်းဖွင့်ပွဲအခမ်းအနားနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ပတ်သက်၍ စေတနာ့ဝန်ထမ်းများနှင့် ညှိနှိုင်းအစည်းအဝေး

     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း၊ ရန်ကုန်တွင်ဖွင့်လှစ်ပို့ချသည့် နွေရာသီ ကျောင်းပိတ်ရက် (၁) လ သင်တန်းဖြစ်သည့် မသန်စွမ်းကလေးများ လေ့ကျင့်သင်ကြားပေးသော ဆရာ/ ဆရာမများ စွမ်းဆောင်ရည်မြှင့် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၀၉:၃၀) နာရီတွင် အဆိုပါ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး သက်ဆိုင်ရာတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးများ၊ မသန်စွမ်းသင်တန်းကျောင်းများမှ ကျောင်းအုပ်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/ သူများက အွန်လိုင်းမှတဆင့် တက်ရောက်ခဲ့ကြပါသည်။

     ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရ အနေဖြင့် နိုင်ငံသားများခံစားခွင့်ရှိသော လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို မသန်စွမ်းသူ အားလုံးတန်းတူညီမျှ အပြည့်အဝရရှိစေရန်ရည်ရွယ်၍ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေနှင့် နည်းဥပဒေများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး မသန်စွမ်းသူများကျန်းမာရေး၊ ပညာရေး အပါအဝင်နယ်ပယ်စုံတွင် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလေးအနက်ထား ဆောင်ရွက်ပေးနေပါကြောင်း၊ ၂၀၁၉ခုနှစ်၊ ကြားဖြတ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ လူဦးရေ၏ (၁၂.၈) ရာခိုင်နှုန်းဖြစ်သော (၅.၉၆၈) သန်းသည် မသန်စွမ်းသူများ ဖြစ်ပြီး ၎င်းတို့အနက် မှတ်ဉာဏ်/ သင်ယူလေ့လာမှုခက်ခဲသူ (၂.၀၆၄) သန်း၊ မိမိကိုယ်ကို စောင့်ရှောက်နိုင်မှုခက်ခဲသူ (၀.၈၉၅) သန်း၊ အခြားသူများနှင့်ဆက်သွယ်မှုခက်ခဲသူ (၀.၇၂၃) သန်း၊ စုစုပေါင်း (၃.၆၈၂) သန်း သည် လက်ရှိဥပဒေ၊ နည်းဥပဒေများအရ ဉာဏ်ရည်မသန်စွမ်းမှုအုပ်စုတွင် သတ်မှတ်ထည့်သွင်းနိုင်ပါကြောင်း၊ ထို့ပြင် အသက် (၅-၁၈) နှစ် အကြားဉာဏ်ရည်မသန်စွမ်းမှု အုပ်စုထဲတွင်ပါသော ကလေးအရေအတွက်သည် (၀.၅၈၅) သန်း ရှိနေပါကြောင်း၊ ၎င်းအရေအတွက်သည် ဉာဏ်ရည်မသန်စွမ်းသူ စုစုပေါင်း၏ (၁၆) ရာခိုင်နှုန်းခန့်ရှိပြီး မိမိတို့အနေဖြင့် ဂရုပြုဆောင်ရွက်ရမည့်ပမာဏဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အထူးလိုအပ်ချက်ရှိသော ကလေးများကို လေ့ကျင့်သင်ကြားပေးရန် ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် မသန်စွမ်းသက်ငယ်သင်တန်းကျောင်း (၂) ကျောင်းကို ဖွင့်လှစ်ထားပါကြောင်း၊ အထူးသဖြင့် ဉာဏ်ရည်မသန်စွမ်းကလေးများ၏ ဖွံ့ဖြိုးမှုနယ်ပယ် (၅) ရပ်ဖြစ်သော ရုပ်ပိုင်း၊ ဉာဏ်ရည်ဉာဏ်သွေးပိုင်း ၊ ဘာသာစကားနှင့် ဆက်သွယ်မှုပိုင်း၊   စိတ်ခံစားမှုပိုင်း၊  လူမှုဆက်ဆံရေးပိုင်းများကို လေ့ကျင့်သင်ကြားပေးသည့်အပြင် နေ့စဉ်လုပ်ငန်းဆောင်တာများကို ကလေးများကိုယ်တိုင် လုပ်ကိုင်တတ်စေရန်  သင်ကြားပေးလျက်ရှိပါကြောင်း၊ အထူးလိုအပ်ချက်ရှိသော ကလေးများကို လေ့ကျင့်သင်ကြားပေးနေသော ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် အရည်အသွေးများသည် အမှန်တကယ် အရေးကြီးပါကြောင်း၊ ဝန်ထမ်းများ၏ ကျွမ်းကျင်မှုနှင့် အရည်အသွေးများရရှိစေရန်၊ လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်အတွက် ယနေ့ဖွင့်လှစ်သော သင်တန်းသည် အမှန်တကယ် အကျိုးရှိပါကြောင်း၊ ယခုနွေရာသီကျောင်းပိတ်ရက် (၁) လသင်တန်းသည်  မိမိတို့ ဝန်ကြီးဌာန၏ ရည်ရွယ်ချက်များကို အောင်မြင်စေရန်ဆောင်ရွက်သင့်တဲ့ သင်တန်းတစ်ခုဖြစ်ပါကြောင်း၊ မသန်စွမ်းကလေးများ၏ ဖွံ့ဖြိုးတိုးတက်မှုများကို တာဝန်ယူဆောင်ရွက်ပေးနေကြသော ဆရာ၊ ဆရာမ၊ ဝန်ထမ်းများအနေဖြင့် ယခုသင်တန်းကို အခွင့်အရေးတစ်ရပ်ကဲ့သို့ တန်ဖိုးထားမှတ်ယူပြီး ကြိုးစားလေ့လာ သင်ယူကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူးက  သင်တန်းသား/ သူ များအား တစ်ဦးချင်း မိတ်ဆက်ပေးခဲ့ပါသည်။ သင်တန်းကို (၂၀.၄.၂၀၂၂) ရက်နေ့မှ (၁၃.၅.၂၀၂၂) ရက်နေ့အထိ (၁) လတာ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းတွင် မသန်စွမ်းသင်တန်းကျောင်းများနှင့် မူလတန်းကြိုကျောင်းများမှ သင်တန်းသား/ သူ စုစုပေါင်း (၄၀) ဦး ပါဝင်တက်ရောက်ကြမည် ဖြစ်ပါသည်။

     ဆက်လက်၍ မွန်းလွဲပိုင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေး အတွက် ကျန်ရှိဒေသများတွင် အစုအဖွဲ့များဖြင့် ဆောင်ရွက်သွားမည့် အစီအစဉ်နှင့် ပတ်သက်၍ စေတနာ့ဝန်ထမ်းများနှင့် ညှိနှိုင်းအစည်းအဝေးအား ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် ဖိတ်ကြားထားသော တိုင်းဒေသကြီး (၄) ခုမှ တိုင်းဦးစီးမှူးများနှင့် စေတနာ့ဝန်ထမ်း (၄၀) ဦး တို့က Virtual ဖြင့် တက်ရောက်ခဲ့ကြပါသည်။ 

     ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောရာတွင် နိုင်ငံတော်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းစဉ်များကို တစ်နိုင်ငံလုံးရှိ သတ်မှတ်အသက်အရွယ် ဦးတည်အုပ်စုများအလိုက် သတ်မှတ်အကြိမ်ပြည့် ဆေးထိုးနှံနိုင်ရေး လုပ်ငန်းစဉ်များကို ၂၀၂၂ခုနှစ်၊ ဧပြီလကုန်မှာ တစ်နိုင်ငံလုံး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်ခဲ့တာဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ခဲ့ရာမှာ တစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှာ ပူးပေါင်းပါဝင်ကူညီခဲ့ကြတဲ့ စေတနာ့ဝန်ထမ်းများ အားလုံးကိုလည်း နိုင်ငံတော်အစိုးရနဲ့ ပြည်သူများကိုယ်စားအထူးပင် အသိအမှတ်ပြုကျေးဇူးတင်ရှိပါကြောင်း၊ မိမိဒေသများရှိ မိဘညီအစ်ကိုမောင်နှမများ၊ ပြည်သူများ အသက်ရှင်သန်ရေးနှင့် ကပ်ရောဂါဆိုးမှ ခံနိုင်ရည်ရှိစွာ ကျော်လွှားနိုင်ရေးအတွက်ဆိုတဲ့ စိတ်ထားဖြင့် ရာနှုန်းပြည့်ဆေးထိုးနှံနိုင်ရေးအတွက် ဝိုင်းဝန်းကူညီအားဖြည့် ပါဝင်ဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းပြောကြားခဲ့ပါသည်။

     ၎င်းနောက် တက်ရောက်လာကြသော ဖိတ်ကြားထားသည့် တိုင်းဒေသကြီး (၄) ခုမှ လူမှုဝန်ထမ်းဦးစီးမှူးများ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက မိမိတို့လုပ်ဆောင်နေသော နယ်ပယ်ကဏ္ဍအသီးသီးတွင် လုပ်ဆောင်နေမှုများ၊ အားသာချက်/ အားနည်းချက်များနှင့် လိုအပ်ချက်များကို အသီးသီးတင်ပြဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter