မြန်မာ-အိန္ဒိယနှစ်နိုင်ငံအစိုးရအကြား နားလည်မှုစာချွန်လွှာ (MOU)အရ ဆောင်ရွက်လျက်ရှိသည့်ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ညှိနှိုင်းအစည်းအဝေးကျင်းပ
မြန်မာ-အိန္ဒိယ နားလည်မှုစာချွန်လွှာ (MOU) အရ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ်အတွင်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရန် မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့ ၂၀၁၇ ခုနှစ်က လက်မှတ်ရေး ထိုးခဲ့သည့် MOU အရ အိန္ဒိယနိုင်ငံကတစ်နှစ်လျှင် အမေရိကန်ဒေါ်လာ (၅) သန်းနှုန်းဖြင့် ၅ နှစ်အတွက် အမေရိကန်ဒေါ်လာ (၂၅) သန်းကိုထောက်ပံ့မည်ဖြစ်ပါကြောင်း၊ ပထမနှစ်စီမံကိန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၃.၈ သန်းဖြင့် မောင်တောမြို့နယ်၊ ကြိမ်ချောင်းတောင်ကျေးရွာတွင် နေအိမ် (၆၀) လုံး၊ ရွှေဇားကျေးရွာတွင် နေအိမ် (၁၄၈) လုံး၊ နံ့သာတောင်ကျေးရွာတွင် နေအိမ် (၄၂) လုံး၊ စုစုပေါင်းနေအိမ် (၂၅၀) လုံးကို အိန္ဒိယနိုင်ငံအစိုးရ အစီအစဉ်ဖြင့် ဆောက်လုပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ဒုတိယနှစ်စီမံကိန်းအဖြစ် အိန္ဒိယနိုင်ငံအစိုးရနှင့် ညှိနှိုင်းသဘောတူညီပြီးဖြစ်သော စီမံကိန်းလုပ်ငန်း (၁၃) ခုကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပြည်နယ်အစိုးရအဖွဲ့တို့က အမြန်ဆုံးပြီးစီးအောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် တတိယအကြိမ် အဆိုပြုပေးပို့ထားသော စီမံကိန်း (၁၇) ခုနှင့်စပ်လျဉ်း၍ ကြိုတင်ညှိနှိုင်းဆွေးနွေးနိုင်ရန် ယနေ့အစည်းအဝေးကိုပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ အိန္ဒိယနိုင်ငံ၏ ထောက်ပံ့ကူညီမှုများအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေကို လစဉ် (သို့မဟုတ်) (၃) လတစ်ကြိမ် စဉ်ဆက်မပြတ်သိရှိပြီး လိုအပ်သော ညှိနှိုင်းမှုများအရ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်မည်ဖြစ်သဖြင့် တွေ့ကြုံနေရသည့်အခက်အခဲများကို ဆွေးနွေးပေးကြရန်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် MOU ကို နိုင်ငံတော်ကိုယ်စား လက်မှတ်ရေး ထိုးထားသည့်အတွက် MOU ပါအတိုင်း အကောင်အထည်ဖော်နိုင်ရေးတွင် အဓိကတာဝန်ရှိပါကြောင်း၊ လုပ်ငန်းများလျှင်မြန်စွာဆောင်ရွက်နိုင်ခြင်းဖြင့် လုပ်ငန်းစီမံကိန်းများ၏ အကျိုးကိုခံစားရမည့် သူများအတွက်လဲ အကျိုးကျေးဇူးများမြန်ဆန်စွာရရှိခံစားကြရမည်ဖြစ်သဖြင့် တာဝန်ရှိဌာနအဖွဲ့အစည်းအသီးသီးက သတ်မှတ်ကာလများအတိုင်း တာဝန်ကျေပွန်စွာဖြင့် စီမံကိန်းလုပ်ငန်းများ အောင် မြင်စွာပြီးစီးနိုင်ရေးပိုမိုအားထည့်ဆောင်ရွက်ပေးကြပါရန်နှင့် မိမိတို့အားလုံးအနီးကပ်ပူးပေါင်းဆောင်ရွက်သွားကြမည်ဆိုပါက စီမံကိန်းလုပ်ငန်းများအောင်မြင်မည်ဟု ယုံကြည်ပါကြောင်းပြောကြားပါ သည်။ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ်အတွင်း MOU ပါ စီမံကိန်းလုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှုများ၊တွေ့ကြုံရသည့် အခက်အခဲများ၊ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်မှုများ၊ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းအကောင်အထည်ဖော်သွားမည့်အခြေအနေများကို ဆွေးနွေးပြောကြားပါ သည်။
ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ဆွေးနွေးပြောကြားရာတွင် မြန်မာ-အိန္ဒိယ နားလည်မှုစာချွန်လွှာ MOU တွင် ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် အိန္ဒိယနိုင်ငံကထောက်ပံ့မှုသည် ရခိုင်ပြည်နယ်ပြည်သူများအတွက် အလွန်ဝမ်းမြောက်ကျေးဇူးတင်စရာ ဖြစ်ပါကြောင်း၊ စီမံကိန်းလုပ်ငန်းများကို အဆိုပြုပေးပို့ရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာနကတစ်ဆင့် အိန္ဒိယနိုင်ငံအစိုးရသို့ ညှိနှိုင်းဆောင်ရွက်ရသည့်အတွက် လိုအပ်ချက်များပြည့်စုံရန်နှင့်ပြည့်စုံမှုမရှိ၍ ပြန်လည်တောင်းခံလာမှပြုစုပြီး ပြန်လည်ပေးပို့ရသည့်အခါ မလိုလားအပ်သော အချိန်ကြန့်ကြာမှုများဖြစ်လာနိုင်ပါကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါကို အတော်အတန်ထိန်းချုပ်လာနိုင်ပြီဖြစ်၍ ဆောင်ရွက်ရမည့်လုပ်ငန်းများကို သွက်သွက်မြန်မြန် အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်ဖြစ်ပါကြောင်း၊ စီမံကိန်းများတွင် စီမံကိန်းပူးတွဲစောင့်ကြည့်လေ့လာရေးကော်မတီ Joint Project Monitoring Commitee (JPMC) များကို စီမံကိန်းတစ်ခုချင်းစီအတွက် ဖွဲ့စည်းရန်နှင့် MOU ကို ကိုယ်စားပြုပြီး တာဝန်ယူဆောင်ရွက်နေသည့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ကိုယ်စားလှယ်တစ်ဦးကို ကော်မတီတစ်ခုချင်းစီတွင် ပါဝင်ဖွဲ့စည်းပေးရန်ဖြစ်ပါကြောင်းနှင့် အားလုံးပိုမိုနီးကပ်စွာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးကို လုပ်ငန်းစီမံကိန်းအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ကြပါသည်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဆောင်သော ရခိုင်ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူများ၊ မြေပြင်တွင်အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက Online မှတက်ရောက်ခဲ့ကြပြီး သက်ဆိုင်ရာလုပ်ငန်းအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။