လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်အား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး လာရောက်တွေ့ဆုံ

     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင်အား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vinay Kumar ဦးဆောင်သောအဖွဲ့က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
     တွေ့ဆုံစဉ် အိန္ဒိယနိုင်ငံမှ လှူဒါန်းသည့် ဆန်နှင့် ဂျုံများ ဖြန့်ဝေပြီးစီးမှု၊ လူမှုရေးပညာ မဟာဌာန (Social Work Faculty) အတွက် အိန္ဒိယနိုင်ငံမှ သင်ရိုး ညွှန်းတမ်းဆိုင်ရာ နည်းပညာအကူအညီပေးရေး၊ ပညာတော်သင်အကူအညီပေးရေး၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် အိန္ဒိယနိုင်ငံအစိုးရနှင့် နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးဆောင်ရွက်နေသည့် စီမံကိန်းများတိုးတက်မှုအခြေအနေနှင့် စီမံကိန်း အကောင်အထည်ဖော်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် အာဆီယံက မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုအကူအညီပေးရေးဆိုင်ရာ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။
     မကြာသေးမီက အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုအကူအညီအဖြစ် ဆန်တန်ချိန် (၁၀၀၀၀) တန်နှင့် ဂျုံတန်ချိန် (၂၀၀) တန် လှူဒါန်းနိုင်ရေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်      ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ ကြောင့် လူမှု-စီးပွားဘဝထိခိုက်ခံရသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အကူအညီလိုအပ်သော အိမ်ထောင်စုများထံ ဖြန့်ဝေမှုကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်အတူ ပူးပေါင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

FacebookTwitter