မြန်မာနိုင်ငံကလေးများနေ့ အကြိုလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနား ကျင်းပခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှကြီးမှူး၍ မော်လမြိုင်မြို့၊ ချောင်းဆုံမြို့၊ သံဖြူဇရပ်မြို့တို့မှ မူလတန်းကြိုကျောင်း (၅) ကျောင်းမှသားငယ်/သမီးငယ်များ၊ မော်လမြိုင်လူငယ်သင်တန်းကျောင်းမှ ကျောင်းသားများပူးပေါင်းပါဝင်၍ မြန်မာနိုင်ငံကလေးများနေ့အကြို လှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကို (၁၀.၂.၂၀၂၃)ရက်နေ့တွင် နံနက် (၀၉:၀၀) နာရီအချိန် မော်လမြိုင်မြို့၊ လူငယ်သင်တန်းကျောင်း၊ ဖူဆယ်အားကစားကွင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူး ဒေါ်လဲ့ယဉ်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး မော်လမြိုင်လူငယ်သင်တန်းကျောင်းမှ ကျောင်းသားလေးများက “တို့ချစ်တဲ့ ကမ္ဘာမြေ” တေးသီချင်းဖြင့်ဖျော်ဖြေပြီး၊ မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးညွှန်ကြားရေးမှူးက အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ပါသည်။ ထို့နောက် အမှတ် (၁) မူလတန်းကြိုကျောင်းများမှသားငယ်၊ သမီးငယ်လေးများက "အလှကမ္ဘာမြေ" တေးသီချင်းဖြင့်လည်းကောင်း၊ အမှတ် (၂) မူလတန်းကြိုကျောင်းမှ သားငယ်၊ သမီးငယ်လေးများက " စည်းလုံးခြင်းအတွက်သီချင်းတစ်ပုဒ် " သီချင်းဖြင့်လည်းကောင်း၊ အမှတ် (၃) မူလတန်းကြိုကျောင်းမှ သားငယ်၊ သမီးငယ်လေးများက “ဘွန္တော” တေးသီချင်းဖြင့်လည်းကောင်း၊ သံဖြူဇရပ် မူလတန်းကြိုကျောင်းမှ သမီးငယ်လေးများက “မျှော်လင့်နေတုန်းပျို့ဖုန်းလှမ်းခဲ့ပါ” တေးသီချင်းဖြင့်လည်းကောင်း၊ ချောင်းဆုံမူလတန်းကြိုကျောင်းမှ သမီးငယ်လေးများက “ မှုံရွှေရည် ”တေးသီချင်းဖြင့်လည်းကောင်း အသီးသီးတေးသရုပ်ဖော်ဖျော်ဖြေတင်ဆက်ကြရာ တက်ရောက်လာကြသော ဧည့်သည်တော်များကဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။ ထို့နောက် မော်လမြိုင်လူငယ်သင်တန်းကျောင်းမှ ကျောင်းသားလေးများက “လောကကြီးရဲ့မောင်းနှင်အား” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပြီး ဂုဏ်ပြုဆုလက်ခံရယူကာ အခမ်းအနားကို နံနက် (၁၀:၃၀) နာရီတွင် ရုပ်သိမ်းလိုက်ပါသည်။
အခမ်းအနားသို့ မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ၊ ဌာနငယ်/ ကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆရာ၊ဆရာမများ၊ ရင်သွေးငယ်လေးများ၏ မိဘများ၊ ကပြဖျော်ဖြေတင်ဆက်သည့် ရင်သွေးငယ်လေးများ စုစုပေါင်းအင်အား (၃၅၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။