ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြတ်မြတ်အုန်းခင် ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံမြို့နယ်ရှိ မူလတန်းကြိုကျောင်း နှင့် အဆောက်အဦ ဆောက်လုပ်မည့် မြေနေရာအား ကြည့်ရှု စစ်ဆေးခြင်း

နေပြည်တော်၊ နိုဝင်ဘာ (၂၉)ရက် -

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများ လိုက်ပါလျက် နိုဝင်ဘာ (၂၇)ရက်နေ့ မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံမြို့နယ် (၁၁) ရပ်ကွက်ရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းသို့  ရောက်ရှိရာ ဖျာပုံခရိုင် မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများမှ ကြိုဆိုကြသည်။

          ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးမှ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းအား ကြည့်ရှု စစ်ဆေး၍ လက်ရှိကျောင်း၏ ကြံ့ခိုင်မှုကို စစ်ဆေးပေးရန်၊ ကျောင်းမြေနေရာအား ဌာနပိုင် အမည်ပေါက် ရရှိရေးအတွက် မြေပုံကူးယူခွင့် လျှောက်ထားရန်၊ အခန်းကန့်၍ စက်ချုပ်သင်တန်းကို အမြန်ဆုံး ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ရန် နှင့် သင်တန်းသူများ ရရှိရေး ဆောင်ရွက်ရန် မှာကြားခဲ့သည်။

          ထိုနောက် ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကျုံကူကျေးရွာ အုပ်စုရှိ ဖျာပုံခရိုင်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးမှူးရုံးနှင့် ကယ်ဆယ်ရေးပစ္စည်း သိုလှောင်ရုံတို့ကို ကြည့်ရှု၍ ဖျာပုံခရိုင်၊ လူမှုဝန်ထမ်း ဦးစီးမှူးရုံးသစ် ဆောက်လုပ်မည့် မြေနေရာ တို့အား ကြည့်ရှုစစ်ဆေးကာ လယ်မြေအား ဌာနပိုင်အဆောက်အဦ ဆောက်လုပ်နိုင်ရေး အတွက် ဝယ်ယူခွင့်ရရှိရေး အမြန်ဆုံးဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းရ ရှိခဲ့ပါသည်။

FacebookTwitter