ပြည်ထောင်စုဝန်ကြီးသည် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စွမ်းရည်ပြသခဲ့သော မသန်စွမ်း အားကစားသမားများအား ကြိုဆိုဂုဏ်ပြုပွဲတက်ရောက်
နေပြည်တော်၊ ဒီဇင်ဘာလ( ၂) ရက် -
၂၀၁၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ) ကစီစဉ်သည့် ရန်ကုန်-နေပြည်တော် - မန္တလေး - နေပြည်တော် 3 Wheel Chair (သုံးဘီး လက်တွန်းလှည်း) စွမ်းရည်ပြ ခရီးစဉ်တွင် ပါဝင်ဆင်နွဲသော မသန်စွမ်း အားကစားသမားများ ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက နေပြည်တော်၊ သင်္ဂဟ ဟိုတယ်တွင် ကျင်းပသည်။
ရန်ကုန်-နေပြည်တော် လမ်းဟောင်း မိုင်-၂၄၀ကျော် ၈ ညအိပ် ၉ရက် ခရီးနှင့် မန္တလေ- နေပြည်တော် လမ်းဟောင်း မိုင်-၂၀၀ ကျော် ၇ ညအိပ် ၈ရက် ခရီးတွင် ပါဝင်သော Wheel Chair အားကစားသမား (၂၁)ဦးနှင့် တစ်ဘီးစီးသူ (၂)ဦး၊ စုစုပေါင်း (၂၃)ဦး ပါဝင်သော ပန်းဝင် မသန်စွမ်း အားကစားသမား များကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်၊ ပြည်သူ့လွှတ်တော် လူမှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဌ ဦးမောင်မောင်ဆွေ၊ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဘရွှေ၊ ဒုတိယ ဝန်ကြီး ဒေါ်စုစုလှိုင်တို့က ကြိုဆိုနှုတ်ဆက်ကာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြတ်မြတ်အုန်းခင်က ချီးကျူးဂုဏ်ပြု အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။






