မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ ပထမအကြိမ် အစည်းအဝေး ကျင်းပ
နေပြည်တော်၊ ဇန်နဝါရီ (၂၁) ရက် -
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ ပထမအကြိမ် အစည်းအဝေးကို မွန်းလွဲ (၁)နာရီတွင် အဆိုပါ ဝန်ကြီးရုံးအစည်းအဝေး ခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်က ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၌ အမျိုးသမီးများ အား တန်းတူညီမျှ ဆက်ဆံရေးကို ဖော်ညွှန်းသည့် ပြဋ္ဌာန်းချက် ပါရှိပါကြောင်း၊ ယင်းပြဌာန်းချက်များကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ဦးဆောင်လမ်းညွှန်မှုပေးရန် နိုင်ငံတော်အဆင့် ယန္တရားဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ရေးရာကော်မတီသည် သွက်လက်ထက်မြက်စွာ လှုပ်ရှားရန် လိုအပ်ပါကြောင်း။
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီအနေဖြင့် ၂၀၀၄ ခုနှစ် သြဂုတ်လတွင် မြန်မာနိုင်ငံလုံး ဆိုင်ရာ သဘောတူစာချုပ်အပေါ် မြန်မာနိုင်ငံ အစိုးရ၏ အကောင်အထည်ဖော် ဆောင်ရွက်မှု စတုတ္ထနှင့် ပဉ္စမအကြိမ် ပူးတွဲ အစီရင်ခံစာ ရေးသားပေးပို့ရန်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဦးဆောင်ရေးဆွဲ လျက်ရှိသော အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာလုပ်ငန်းစဉ် (၂၀၁၃-၂၀၂၂) အား ပြည်ထောင်စု အစိုးရအဖွဲ့၏ အတည်ပြုချက်ရယူရန်နှင့် အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ ကျား/မ တန်းတူညီမျှမှု ဆိုင်ရာ အသိပညာပေးမှု အစီအစဉ်များ ဆက်လက်ဆောင်ရွက်ရန်နှင့် အမျိုးသမီးများနှင့် သက်ဆိုင်သော ဥပဒေရေးဆွဲရန် တို့ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ နိုင်ငံတော် အစိုးရသစ်၏ မူဝါဒနှင့်အညီ မြန်မာအမျိုးသမီးထု တစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်ရေး စွမ်းဆောင်ရည် မြင့်မားရေးအတွက် မြန်မာအမျိုးသမီးရေးရာ ကော်မတီအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများက တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက် သွားရန် လိုကြောင်း။
ဆက်လက်၍ ကော်မတီ အတွင်းရေးမှူး လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီမှ အကောင်အထည်ဖော် ဆောင်ရွက်မှုများနှင့် ရှေ့လုပ်ငန်းစဉ်များကို လည်းကောင်း၊ ဒုတိယ ဝန်ကြီးများနှင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်မှ တာဝန်ရှိသူများက မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီ၏ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။