ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်မှ ပြည်သူ့ဝန်ထမ်း ဥပဒေကို လေးစားလိုက်နာ ကိုယ်ပိုင်စွမ်းရည်ကို ပြည့်ပြည့်၀၀ ဖော်ထုတ်ဆောင်ရွက်ရန် အရာထမ်း/အမှုထမ်းများအား တွေ့ဆုံအမှာစကားပြောကြား
ရန်ကုန်၊ မေလ (၁၈)ရက် -
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် သည် မေ(၁၈)ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ လူမှုဝန်ထမ်းအတတ်သင် သိပ္ပံကျောင်း အစည်းအဝေး ခန်းမ၌ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ သင်တန်းကျောင်း/ ဌာန/ မူကြိုကျောင်း များမှ ကျောင်းအုပ်များ နှင့် တာဝန်ခံ အရာထမ်း/ အမှုထမ်း များအား တွေ့ဆုံ အမှာစကား ပြောကြားခဲ့သည်။

ယင်းတွေ့ဆုံပွဲတွင် ပြည်ထောင်စု ဝန်ကြီးက ပြည်သူ့ဝန်ထမ်း ဥပဒေကို လေးစား လိုက်နာရန်နှင့် လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက ဝန်ထမ်း စည်းမျဉ်း/ စည်းကမ်း အရ အရေးယူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ လုပ်ငန်း တာဝန်ကြီး (၈)ရပ်ကို သမားရိုးကျ မပြုလုပ်ဘဲ ဒီမိုကရေစီ ကျင့်စဉ်နှင့် လိုက်လျောညီထွေ ဖြစ်အောင် နိုင်ငံရေးအမြင်၊ အုပ်ချုပ်ရေး အမြင်၊ လူမှုရေး အမြင်များနှင့် ကျယ်ကျယ်ပြန့်ပြန့် တွေးခေါ်မြော်မြင်ပြီး လုပ်ဆောင် ကြရန်နှင့် ကိုယ်ပိုင်စွမ်းရည်ကို ပြည့်ပြည့်၀၀ ဖော်ထုတ်ကြိုးစား ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားခဲ့သည်။
ဆက်လက်၍ ကယ်ဆယ်ရေးဗဟို ဂိုဒေါင်သို့ သွားရောက်၍ သဘာဝဘေး များအတွက် ကယ်ဆယ်ရေး ပစ္စည်းများ ပြင်ဆင် ထားမှုများကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကာ ကမ္ဘာအေး စေတီလမ်း အမှတ်(၆၄)ရှိ သက်ကြီးရွယ်အို များအတွက် နေ့ပိုင်းစောင့်ရှောက်မှု ဂေဟာ (Day Care Center for Older People) နှင့် ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေး နှင့် ဘက်စုံဖွံ့ဖြိုးမှုဆိုင်ရာ အထောက်အကူပြု ဗဟိုဌာန (Central Early Childhood Care & Development Centre) တို့ အမြန်ဆုံး ဖွင့်လှစ်ရန် ပြင်ဆင်နေမှုများကို ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သတင်းရရှိသည်။