လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် နေပြည်တော်ရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနား
နေပြည်တော် -
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် နေပြည်တော်ရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို နေပြည်တော်ကောင်စီရုံး၊ ဘက်စုံခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းညွှန့်က နေပြည်တော် ကောင်စီနယ်မြေအတွင်း လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက် နေမှုများ၊ ကောင်စီနယ်မြေ အတွင်း သက်ကြီးရွယ်အိုနှင့် ဆင်းရဲချို့တဲ့ သည့် ကလေးငယ်များ၊ ကိုယ့်အားကိုယ်ကိုး အခြေခံ ပညာကျောင်းများအား ထောက်ပံ့နေမှုများကို ရှင်းလင်း ပြောကြားပြီး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင် က ပြည်သူများ၏ လူမှုရေး လိုအပ်ချက်များကို တက်နိုင်သရွေ့ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်တွင် ယခင်နှစ်ကထက် ၃ ဒသမ ၁၃ ဆ တိုးမြှင့်ပြီး ကျပ်သန်းပေါင်း ၁၇၁၆ ဒသမ ၆ သန်း တိုးမြှင့် ထောက်ပံ့ပေးလျက် ရှိကြောင်း၊ ထောက်ပံ့ငွေ များသည် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု နေကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးသိန်းညွန့်က စမတောင် လူငယ်ပရဟိတ ဂေဟာအတွက် ငွေကျပ် ၂၃၇ ဒသမ ၉၃ သိန်းနှင့် မြတ်ဆုမွန် လူငယ်ပရဟိတ ဂေဟာအတွက် ငွေကျပ် ၅၉ ဒသမ ၀၈ ကို လည်းကောင်း၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်က ခေမာသီဝံ လူငယ်ပရဟိတ ဂေဟာအတွက် ငွေကျပ် ၅၃ ဒသမ ၂၄ သိန်း၊ ပျဉ်းမနားမြို့ ဘိုးဘွားရိပ်သာ အတွက် ငွေကျပ် ၂၉ ဒသမ ၁၅ သိန်းနှင့် နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ ကိုယ်အားကိုယ်ကိုး အခြေခံ ပညာကျောင်း ၂၇ ကျောင်း အတွက် တစ်ကျောင်းလျှင် ငွေကျပ် ၆ သိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၁၆၂ သိန်းကို လည်းကောင်း တာဝန်ရှိသူများထံ ပေးအပ်ကြသည်။
အခမ်းအနား အပြီးတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် သည် စမတောာင် လူငယ်ပရဟိတ ဂေဟာသို့ သွားရောက်ပြီး ကျား-လုံချည် အထည် ၂၀၀၊ မ-လုံချည် အထည် ၁၀၀၊ မျက်နှာသုတ်ပုဝါ အထည် ၅၀ နှင့် စောင်အထည် ၅၀ တို့ လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။