လူမှုကရုဏာ စောင့်ရှောက်ရေး လုပ်ငန်းများနှင့် သဘာ၀ ဘေးအန္တရာယ် ဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို ခေတ်နှင့်အညီ ဆောင်ရွက်
နေပြည်တော်၊ အောက်တိုဘာ (၇) ရက် -
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် သည် တာဝန်ရှိသူများ လိုက်ပါလျှက် အောက်တိုဘာ (၅)ရက် ညနေပိုင်းတွင် မန္တလေးမြို့ တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး အစည်းအဝေး ခန်းမ၌ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံပြီး ပြောင်းလဲလျက်ရှိသည့် ခေတ်၊ စနစ်နှင့်အညီ လူမှုကရုဏာ စောင့်ရှောက်ရေး လုပ်ငန်းများနှင့် သဘာ၀ ဘေးအန္တရာယ် ဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို ပိုမိုအလေးထား ကြိုးစားဆောင်ရွက်ကြ ရန်မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် အောက်တိုဘာ (၆)ရက်တွင် မန္တလေးမြို့ မြို့တော်ခန်းမ၌ ကျင်းပသော မန္တလေးတိုင်း ဒေသကြီးရှိ မန္တလေးခရိုင်၊ ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင်၊ မြင်းခြံခရိုင်၊ ရမည်းသင်းခရိုင်နှင့် ညောင်ဦးခရိုင် အတွင်းရှိ စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများ အား ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေနှင့် ရေဘေးသင့် ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ယခုအချိန်ထိ ဝန်ကြီးဌာနမှ အသိအမှတ် ပြုထားပြီးသော စေတနာ ဝန်ထမ်းအဖွဲ့အစည်း စုစုပေါင်း ၁၂၁၄ ခုတို့ကို ယမန်နှစ်ကထက် ၃ ဒသမ ၁၃ ဆ တိုးမြှင့်ပြီး စုစုပေါင်း ကျပ်သန်းပေါင်း ၁၇၁၆ ဒသမ ၀၄ သန်း တိုးမြှင့် ထောက်ပံ့ပေးလျက် ရှိပါကြောင်း၊ ယနေ့ အခမ်းအနားတွင် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ အတွက် ၁၁၃၈ ဒသမ ၂၇ သိန်းနှင့် ရေဘေးသင့် ပြည်သူများအတွက် ၁၆၁ ဒသမ ၂၇ သိန်း ထောက်ပံ့ပေးခြင်းသည် နိုင်ငံတော် သမ္မတ ချမှတ်ထားသော ဆင်းရဲနွမ်းပါးမှု လျှော့ချရေး နှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုနေခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် ပူးပေါင်းပြီး လူမှုရေး လိုအပ်ချက်များနှင့် သဘာ၀ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းများကို ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ ပိုမို စိတ်အားထက်သန်စွာ ပါဝင်ဆောင်ရွက်သွား ကြရန် တိုက်တွန်းမှာကြား လိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့က တိုင်းဒေသကြီး အတွင်းရှိ ဘိုးဘွားရိပ်သာများ၊ ဂေဟာများ၊ မူလတန်းကြို ကျောင်းများ၊ ရေဘေးသင့် ပြည်သူများအတွက် ငွေကျပ်သိန်းပေါင်း ၁၂၉၉ ဒသမ ၉၆ သိန်းအား ထောက်ပံ့ ပေးအပ်ကြသည်။